Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးကဖြုတ်ချမှုသတင်းတု

False နိုင်ငံရေး | Politics

အဏာသိမ်းစစ်‌ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးက ထပ်မံအာဏာသိမ်းပြီး ဖြုတ်ချလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“ဗိုလ်ချုပ်မြန်ထွန်ဦး အာဏာသိမ်းပိုက်လိုက်ပြီ မအလဂျပုနဲ့စိုးဝင်း ဖမ်းဆီးစစ်ကြောရေးပို့လိုက်ပြီ”

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အခုလို မျှဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာတွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဒီဗွီဘီသတင်းဌာနက အောက်တိုဘာ ၂၃ ရက်မှာ‌ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် အရှင်းခံရတော့မှာလား”ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ဒီအတွေးအမြင်ဆောင်းပါထဲမှာ ဆောင်းပါးရှင်က ဗိုလ်ချုပ်နေဝင်းလက်ထက်က စလို့ ဦးသန်းရွှေလက်ထက်အထိ စစ်ခေါင်းဆောင်တွေဟာ အာဏာပါဝါကို အယှဉ်မခံဘဲ အချင်းချင်းဖြုတ်ချတိုက်ခိုက်ခဲ့ပြီး အာဏာပြည့်ဝအောင် ထူတောင်ခဲ့တာတွေကို အဓိက ရေးသားထားပြီး အခု အာဏာသိမ်းအုပ်စုအကြားမှာလည်း ဒီလက္ခဏာတွေ မြင်နေရတဲ့အကြောင်း ရေးသားထားတာပဲဖြစ်ပါတယ်။ ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းနဲ့ စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင်လို့ တင်စားကြတဲ့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးနေရာကို ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အားပြိုင်မှုအကြောင်းကို ရေးသားထား တာဖြစ်တယ်။ ဆောင်းပါးအပြည့်အစုံကို ဒီမှာဖတ်ပါ။

သုံးသပ်ချက်

အောက်တိုဘာ ၂၃ ရက်မှာ‌ ဒီဗွီဘီသတင်းဌာနကဖော်ပြခဲ့တဲ့ လက်ရှိအာဏာသိမ်းစစ်အုပ်စုကြားမှာလည်း အရင် စစ်အစိုးရတွေအတိုင်းပဲ အာဏာပြိုင်ဆိုင်မှုရှိနေပြီး အပြန်အလှန်ဖြုတ်ထုတ်သတ်လုပ်ဖွယ်ရှိတဲ့အကြောင်း အတွေးအမြင်ဆန်ဆန်ရေးသားထားတဲ့ဆောင်းပါးကို ဗိုလ်ချုပ်မြထွန်းဦးက သူ့အထက်ကအာဏာသိမ်း စစ်ခေါင်းဆောင်၂ ဦးကို ဖမ်းစစ်ဆေးနေသယောင်ဖြန့်ဝေထားခြင်းဖြစ်တယ်။

ပြောဆိုချက်- အာဏာသိမ်း စစ်ခေါင်းဆောင်၂ ဦးကို ဗိုလ်ချုပ်မြထွန်းဦးဖမ်းဆီးစစ်ဆေး

Avatar

Title:Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးကဖြုတ်ချမှုသတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *