Fact Check: မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု ရာဂဏန်းသေဆုံးပြီး လေယာဉ် ၅ စီးပျက်စီးခဲ့သလား-အထောက်အထားမရှိပါ

Misleading နိုင်ငံရေး | Politics

မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု လူ ရာဂဏန်းသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အထောက်အထားမရှိတဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းတွေ သာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျု့ဗွီဒီယို ပါစာသားကောက်နုတ်ချက်တွေဖြစ်တယ်။ ရေးသားဖြန့်ဝေမှုတွေကို ယူကျူ့ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။

“လေယာဉ်ဂိုထောင်မီးလောင် လေတပ်စခန်းPDF(၃၀၀)ဝင်သိမ်း လက်နက်ကြီးမှန်လို့စစ်ခွေး(၄၇)ဦးသေဆုံး”

“မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး(၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ တိုက်လေယာဉ်(၅)စီးပျက်၊ လူ(၅၀၀)သေဆုံး”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖော်ပြပေမဲ့ အခုလိုမျိုး အများအပြားသေဆုံးမှုသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ 

အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်မှာ လေယာဉ်ဆီ ၊ လေယာဉ်ပြုပြင်ရန် ပစ္စည်းတွေနဲ့ ပြောင်းရွှေ့ ရပ်နားထားတဲ့ လေယာဉ်တွေရှိတဲ့ မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့တိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုရှိတယ်လို့ တိုက်ခိုက်ခဲ့တဲ့ Urban Special Operation (U.S.O)က ပြောပေမဲ့ သေဆုံးမှုအရေ အတွက် ထိခိုက်ပျက်စီးမှု ကို ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒီလိုပဲ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ခြင်းမရှိပါဘူး။

တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကားရေးသားတဲ့ ရန်ကုန်ခေတ်သစ်သတင်းမှာတော့ လေယာဉ်များထားရှိရာ အဆောက်အအုံကို ထိမှန်ခဲ့ပြီး ဒီထဲမှာ လေယာဉ်ရှိမရှိတော့ မသိရဘူးလို့ ရေးသားပါတယ်။

နောက်ထပ် ဗွီဒီယိုတခုမှာဆိုရင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတယောက်ရဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ခေါင်းစဉ်မှာ “မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး(၅)လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရ တိုက်လေယာဉ်(၅)စီးပျက်၊ လူ(၅၀၀)သေဆုံး”လို့ ရေးသားထားပေမဲ့ မှော်ဘီလေတပ် စခန်း တိုက်ခိုက်မှု အကြောင်း ဒီဗွီဒီယိုတခုလုံးမှာမပါဝင်ပါဘူး။

သုံးသပ်ချက်

မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့တိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုရှိတယ်လို့ တိုက်ခိုက်ခဲ့တဲ့ Urban Special Operation (U.S.O)က ပြောပေမဲ့ သေဆုံးမှုအရေအတွက်နဲ့ထိခိုက်ပျက်စီးမှု ကို ထုတ်ပြန်ခြင်း မရှိပါဘူး။‌ ဒီလို လူရာချီသေဆုံးမှုရှိတယ်ဆိုတဲ့ အ‌ထောက်အထားလည်းမရှိပါဘူး။

ပြောဆိုချက်- မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု လူ ရာဂဏန်းသေဆုံးခဲ့

Avatar

Title:Fact Check: မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု ရာဂဏန်းသေဆုံးပြီး လေယာဉ် ၅ စီးပျက်စီးခဲ့သလား-အထောက်အထားမရှိပါ

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *