အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီ၊ စစ်ကြောင်းလိုက် လက်နက်ချ အလံဖြူထောင်ပြီ၊ တပ်ပြန်ဆုတ်သွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းတုတပ်ဗွီဒီယိုတွေဖြစ်တာတွေ့ရပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“တပ်ရင်းလိုက် လက်နက်ချပြီ

အောင်ဇေယျစစ်ကြောင်း အလံဖြူထောင်လက်နက်ချအညံ့ခံ

ဗိုလ်ချုပ်စိုးဝင်းရဲ့ အောင်ဇေယျ ဇာတ်သိမ်းပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အခုလို ဖြန့်ဝေ‌ထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေက သတင်းဖော်ပြချက်တွေကို လိုအပ်သလို ကူးယူဖြန့်ဝေပြီး လူတွေ စိတ်ဝင်စားမှု မြင့်စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတွေတပ်ကာပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီလို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myammar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။

အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီလို့ တော်လှန်ရေးတပ်တွေဘက်က ကြေညာချက် မရှိသလို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။

အခုလည်း ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲကမှ တပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချအညံ့ခံခဲ့လို့ အောင်ဇေယျ စစ်ကြောင်း နိဂုံးချုပ်သွားပြီလို့ ဆိုထားထဲ ဗွီဒီယိုထဲမှာ သတင်းအယ်ဒီတာနဲ့ တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ “ဇင်သော်နိုင်”က သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေရေးသားဖြန့်ဝေထားတဲ့ “တော်လှန်ရေးရဲ့ အလှည့်အပြောင်း ဖြစ်လာမယ့် အောင်ဇေယျ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ်နဲ့ အခြားသတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ မူလဖြန့်ဝေမှုကို ဒီလင့်ခ်မှာကြည့်ပါ။

မူလဆောင်းပါးထဲမှာ စစ်ကောင်စီက အဘက်ဘက်ကနေ ရခိုင်၊ ကချင်နဲ့ ကရင်နီစစ်မျက်နှာတွေမှာ တိုက်ခိုက်တာခံနေရချိန်ဖြစ်ပြီး စစ်မျက်နှာအားလုံးမှာ အရှုံးနဲ့ရင်ဆိုင်နေရပြီး တဖက်မှာတော့ ရခိုင်မှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ရိုဟင်ဂျာအရေးနဲ့ အာရုံလွှဲထားပြီး တဖက်မှာတော့ ကချင်မှာ တရုတ်ကို မြစ်ဆုံလို လူထုကန့်ကွက်နေတဲ့ ရေကာတာစီမံကိန်းကိစ္စနဲ့ တရုတ်ကို စည်းရုံးပြီး ကရင်ပြည်နယ်တကျောကို ထိုးစစ်ဆင်ဖို့ ခြေလှမ်းပြင်နေတာမြင်ရကြောင်း၊ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆိုသည့်အတိုက် လက်နက်၊ခဲယမ်း၊ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူတွေ သုံးပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားပေမဲ့ ဒေါနတောင်ကို ကျော်လွှားနိုင်ခြင်းမရှိသေးကြောင်းနဲ့ မိုးရာသီရောက်တာနဲ့ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ အသာစီးရလာနိုင်ကြောင်းနဲ့ ဒီစစ်ကြောင်းသာ ဦးကျိုးသွားခဲ့ရင် စစ်တပ်အတွက် သူ့ကို ထောက်ခံနေတဲ့ နိုင်ငံတွေရဲ့ အမြင်ပါပြောင်းလဲလာနိုင်တာကြောင့် တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် ပွဲတခုအဖြစ် ဖော်ကျူးရေးသားထားပါတယ်။

သုံးသပ်ချက်

အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီ၊ စစ်ကြောင်းလိုက် လက်နက်ချ အလံဖြူထောင်ပြီ၊ တပ်ပြန်ဆုတ်သွားပြီဆိုတဲ့ ပြောဆိုချက်တွေဟာ အထောက်အထားမရှိပါဘူး။ အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီလို့ တော်လှန်ရေးတပ်တွေဘက်က ကြေညာချက် မရှိသလို သတင်းလုပ်ငန်းလုပ်ကိုင် နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: ‌အောင်ဇေယျစစ်ကြောင်းနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေဖြစ်တယ်

Written By: နေရာမောင်

Result: False