
NUG အစိုးရဟာ တရုတ်နိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရပြီး တရုတ်သမ္မတကလည်း တရားဝင်အစိုးရအဖြစ် ကြေညာလိုက်ပြီးလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထားတယ်။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“တစ်နိုင်ငံလုံး ထခုန်နေကြပြီ
အောင်ပြီ
NUGကို အစိုးရဟု တရုတ်သမ္မတကြေငြာ
တရုတ်နိုင်ငံမှာ NUGရုံးခန်း ဖွင့်ခွင့်ရပြီ”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Naypudaw Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ဝေတာ၊ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အတွေးအမြင် အကြောင်းအရာတွေကို ခေါင်းစဉ်လွဲတပ် ရေးသားဖြန့်ဝေတာတွေ လုပ်လေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ NUG ဘက်အတည်ပြုထားခြင်းမရှိပါဘူး။ အောက်ပါသတင်းကတော့ NUG သမ္မတရုံပြောခွင့်ရ ဦးကျော်ဇော်က ဒီဗွီဘီသတင်းဌာနကို ဖြေကြားချက်ဖြစ်တယ်။ မူရင်းသတင်း အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့သလို တရုတ်နိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရပြီဆိုတာ အတည်မပြုနိုင်ကြောင်း NUG သမ္မတရုံပြောခွင့်ရ ဦးကျော်ဇော်က ဒီဗွီဘီသတင်းဌာနကို ဖြေကြားထားတယ်။ ဒီအပြင် တရုတ် သမ္မတကလည်း NUG ကို အစိုးရအဖြစ် ကြေညာလိုက်တယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။
ပြောဆိုချက်- တရုတ်နိုင်ငံမှာ NUG အစိုးရ ရုံးခန်းဖွင့်လှစ်ခွင့်ရ

Title:Fact Check: တရုတ်မှာ NUG ရုံးခန်းဖွင့်ခွင့်ရတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading