Fact Check: တမူးမှာပစ်သတ်ခံရတဲ့ လူငယ် ၄ ဦးကို သေဒဏ်ကျခံရတဲ့ ညီအကို ၄ ဦးအဖြစ်ဖော်ပြ

Missing Context လူမှုရေး

သေဒဏ်ကျခံထားရတဲ့ ညီအစ်ကို လေးယောက်ကို သတ်ပစ်လိုက်ပြီလို့ ရေးသားပြီး လူငယ် ၄ ယောက်ရဲ့ နာရေး အခမ်းအနားတစ်ခုဓာတ်ပုံနဲ့အတူ မျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က စစ်တပ်ရဲ့ သေဒဏ်ပေးခံရတဲ့ ညီအကို ၄ ယောက် အကြောင်းဟာ လူအများအကြားရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။ 

သို့သော်လည်း  အခု သေဒဏ်ကျခံရတဲ့ ညီအကို ၄ ယောက်ကို သတ်လိုက်ပြီးဆိုတဲ့ ဒီဓာတ်ပုံဟာ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ စစ်တပ်ကပစ်သတ်ခြင်းခံရတဲ့ လူငယ် ၄ ယောက်ရဲ့ နာရေးအခမ်းအနားဖြစ်ပါတယ်။

“Rip. ပါအကိုတို့ရာ😭😭😭😭

ကောင်းရာဘုံဘဝရောက်ပါစေ🙏🙏

Crd”လို့ရေးသားပြီး “The Note News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဖေ့စ်ဘွတ်ပို့စ် screenshot တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့အနီးမှာ ဇူလိုင် ၁၀ ရက် စစ်တပ်ရဲ့ ပစ်ခတ်ခြင်းခံခဲ့ရပြီး သေဆုံးခဲ့တဲ့ လူငယ် ၄ ဦးဖြစ်တာ တွေ့ရ ပါတယ်။ ရန်ကုန်က သေဒဏ်ကျခံရတဲ့ ညီအကို ၄ ယောက် ကြိုးစင်တင်လိုက်ပြီးဆိုပြီးတော့ သတင်းမှား ဇူလိုင်လအစမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အထူးပြုတင်ဆက်နေတဲ့ “Zalen”သတင်းဌာနက လူမှုကွန်ယက်မှာ သေဒဏ်ကျခံနေရတဲ့ ညီအကို ၄ ယောက်ပုံအဖြစ်မျှဝေနေတဲ့ ဓာတ်ပုံနဲ့ တူညီတဲ့ ဓာတ်ပုံ ၂ ပုံကို ဇူလိုင် ၁၃ ရက်က အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ 

“စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာ (Zalenphai village)မှ လူငယ် ၆ ယောက်ဟာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် အနီးနားရွာသိုလည်ပတ်ရာမှ ပြန်လာစဉ် ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာကြား တံတားပေါ်အရောက်တွင် အကြမ်းဖက်စကစတပ်က ပစ်ခတ်လို့ လူငယ် (၂)ယောက် ပွဲချင်းသေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၃ ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားစဉ် ၂ ယောက်ထပ်မံသေဆုံးသွားပါတယ်။ 

ကျန်တစ်ယောက်ကတော့ မနေ့ဇူလိုင် ၁၂ ရက်တွင် ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ပြန်လွတ်မြောက်လာပါတယ်။

သေဆုံးသွားတဲ့လူငယ်‌ ၄ ယောက်မှာ ငမ်ကျင်ပေါင် (၂၃ နှစ်)၊ မာန်ဂိုးဟို (၁၇နှစ်)၊ ဒိုခိုလက် (၁၆ နှစ်)၊ နဲ့ ပေါင်ဂင်းမန် (၁၈နှစ်)တို့ဖြစ်ပါတယ်။”စသည့်ဖြင့် ရေးသားပြီး ဇူလိုင် ၁၃ ရက်က မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Zalen MediaArchive link

သုံးသပ်ချက်

စစ်ကိုင်းတိုင်း တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာမှာ စစ်တပ်ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတဲ့ လူငယ် ၄ ဦးရဲ့ပုံဖြစ်ပါတယ်။

Avatar

Title:တမူးမှာပစ်သတ်ခံရတဲ့ လူငယ် ၄ ဦးကို သေဒဏ်ကျခံရတဲ့ ညီအကို ၄ ဦးအဖြစ်ဖော်ပြ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *