မြန်မာနိုင်ငံ အသေးစားအလတ်စားဖွံ့ဖြိုးရေးဘဏ်(SME Development Bank)ကနေ ချေးငွေတွေကို အွန်လိုင်း ကနေ အလွယ်တကူထုတ်ချေးပေးနေတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းနေ တာတွေ့ ရပါတယ်။ SME Development Bank ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ပုံမှားရိုက်ကာ ငွေကြေး လိမ်လည်နေတဲ့ စာမျက်နှာတွေဖြစ်တာတွေ့ရပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ SME Development Bank ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်ရဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးနေမှုအခြေအနေကို ဖြေကြားနေတဲ့ ဗွီဒီယိုနဲ့အတူ အောက်ပါစာသားတွေလည်း ဖော်ပြထား တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“မဂ်လာပါ

""SME""Online မှတဆင့်ငွေချေးလုပ်ငန်း မှ ကြို

ဆိုပါတယ်

ပြည်တွင်း ကိုပိုင်စီးပွားရေးများအတွက်

လူကြီးမင်းတို့လိုအပ်သလောက်အရင်းနီးငွေကို Online မှ

တဆင့်လွယ်ကူလျှင်မြန်စွာချေးယူနိုင်ပါပြီ

လုပ်ငန်းရှင်များ ၅သိန်းမှစပြီးသိန်း၅၀၀ရာအထိလိုအပ်သလောက်ချေးယူနိုင်ပါတယ်

အတိုးနှုံးမှ(1)ကျပ်တိုးဖြစ်ပါတယ် ချေးငွေပြန်ဆပ်ရံ

၁ နှစ် မှ ၄ နှစ်အထိ အသီးသီးသတ်မှတ်ချက်ရှိပါတယ်

၅ သိန်း တစ်လအတိုး.....၅၀၀၀....ထောင်ကျပ်

၁၀ သိန်း တစ်လအတိုး...၁၀၀၀၀...သောင်းကျပ်

၂၀ သိန်း တစ်လအတိုး...၂၀၀၀၀...သောင်းကျပ်

၃၀ သိန်း တစ်လအတိုး...၃၀၀၀၀...သောင်းကျပ်

၄၀ သိန်း တစ်လအတိုး...၄၀၀၀၀...သောင်းကျပ်

၅၀ သိန်း တစ်လအတိုး...၅၀၀၀၀...သောင်းကျပ်

ချေးငွေထုပ်ယူရန်

နံနက် (8:00).မှ.ညနေ(6:00).အထိ

အသေးစိတ်စုံစမ်းရန် online မှ..၂၄နာရီ ဝန်ဆောင်မှုပေးပါပြီ အခုဘဲဆက်သွယ်လိုက်ပါ”

မူရင်းလင်ခ့် – Fb link | Archive link

အခြားသော “SME Development Bank-Loan Myanmar”ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတခုကတော့ ဒီစာမျက်နှာကသာလျှင် ဘဏ်ကို ကိုယ်စားပြုတဲ့ တခုထဲသော စာမျက်နှာလို့ အခိုင်အမာဆိုထားပြီး ချေးငွေကို အွန်လိုင်းက ရယူနိုင်ကြောင်းလည်း အလားတူကြော်ငြာထားပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ချေးငွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးချက် ဗွီဒီယိုကိုလည်း ဖော်ပြထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။

တကယ်ပဲ SME Development Bank က အပေါင်ပစ္စည်းမလိုဘဲ အွန်လိုင်းကနေ ချေးငွေ ထုတ်ချေးပေးနေပါ သလား။ အချက်အလက်ဆန်းစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

တကယ်တော့ အခုလို ကြော်ငြာထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ SME Development Bank ရဲ့ အမှတ်တံဆိပ် ကို အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ထားတဲ့ စာမျက်နှာတုတွေဖြစ်တာတွေ့ရပါတယ်။ SME Development Bank ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဘဏ်ရဲ့ တရားဝင် စာမျက်နှာ ဟာ ၂၀၂၁ ခုနှစ် မေ ၁၄ ရက်မှာ စတင်ခဲ့တဲ့ စာမျက်နှာဖြစ်ပြီး စုစုပေါင်း စာမျက်နှာကို like လုပ်ထားတဲ့ အရေ အတွက် ၆၈၀၀၀ ဝန်းကျင်နဲ့ follower ၇၀၀၀၀ ဝန်းကျင်ရှိတယ်။ ဒီစာမျက်နှာမှာဖော်ပြထားတဲ့ ဖုန်းနံပါတ်ကို ချေးငွေလိုချင်သူတဦးအနေနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ လုပ်ငန်းတခုကို ချေးငွေထုတ်ချေး နိုင်ဖို့ စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်နဲ့ လုပ်ငန်းလည်ပတ်မှု ဝင်ငွေခွန်ဆောင် ထားတဲ့ အခွန်မှတ်တမ်းတွေ ရှိရမှာဖြစ်ပြီး ဘဏ်ကလက်ခံနိုင်တဲ့ အပေါင်ခံပစ္စည်းတခုခုလည်း ဘဏ်ကို ပေးထား ဖို့ လိုအပ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။ ဘဏ်အနေနဲ့ ဝန်ထမ်းချေးငွေလည်း ထုတ်ချေးနေပြီး ဝန်ထမ်းချေးငွေအတွက် ကုမ္ပဏီတခုက ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်နဲ့ လစာပေးချေးမှု မှတ်တမ်းတွေ တင်ပြဖို့ လိုတယ်လို့ ပြောပါတယ်။

အခုလို ထင်ယောင်ထင်မှားဖြစ်ဖွယ် စာမျက်နှာကဖော်ပြထားတဲ့ “SME BANK အာမခံချေးငွေလုပ်ငန်း” အမည်နဲ့ဖေ့စ်ဘွတ်ပို့စ်ပါ SME Development Bank ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်က အာမခံမယူဘဲ လုပ်ငန်းတွေကို ချေးငွေ ထုတ်ချေးနေတယ်ဆိုတဲ့ ဗွီဒီယိုကို လေ့လာဆန်းစစ်ကြည့်ရာမှာလည်း ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလထဲက ပွဲတခုမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားချက်သာ ဖြစ်တယ်။ မူလဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

ပုဂ္ဂလိ ချေးငွေ ကုမ္ပဏီတခုမှာ ရုံးခွဲမန်နေဂျာတာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုတဲ့ အရာရှိတဦးကလည်း အခုလို အွန်လိုင်းမှာ ချေးငွေကို အွန်လိုင်းကနေ အလွယ်တကူချေးပေးနေတယ်ဆိုတာဟာ အမှန်တကယ် ငွေချေးလုပ်ငန်း လုပ်ကိုင်သူ တွေက ကြော်ငြာလေ့မရှိကြောင်းနဲ့ အသေးစားချေးငွေ(Microfinance) လုပ်ကိုင်သူတွေအနေနဲ့ အနည်းဆုံး ချေးငွေရယူမယ့်သူရဲ့ ဝင်ငွေရလမ်းကို ဆန်းစစ်ပြီးမှသာ ထုတ်ချေးကြောင်း၊ ဝိုင်းကြီးချုပ်ပုံစံနဲ့ အချင်းချင်း အပြန်အလှန်အာမခံမှသာ ထုတ်ချေးလေ့ရှိကြောင်း၊ လူကိုယ်တိုင်လာရောက် လျှောက်ထားရကြောင်း လည်း Fact Crescendo Myanmar ကို အတည်ပြုပြောဆိုပါတယ်။

SME-Development Bank အယောင်ဆောင်ပြီး ဖောက်သည်တွေရဲ့ အချက်အလက်တွေရယူကာ ကြိုတင် ငွေတောင်းခံခြင်းနဲ့ ဖောင်ကြေးတောင်းခံခြင် ၊ ချေး ငွေဝန်ဆောင်မှုပေးဟန်ဆောင်တာတွေကို မသမာသူတွေက လိမ်လည်နည်းမျိုးစုံဖြင့် သံသယဖြစ်ပွားဖွယ်ရာ ငွေကြေးလိမ်လည်မှုများကိုလုပ်ဆောင်နေကြတယ်လို့ SME-Development Bank ကလည်း ၂၀၂၃ ခုနှစ်ထဲမှာ သတိပေးထားတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အဲဒီဘဏ်ရဲ့ ဆက်သွယ်ရေးအကြံပေးတာဝန်ယူထားသူတဦးကလည်း Fact Crescendo Myanmar ကို ဆက်သွယ်လာပြီး သူတို့အများပြည်သူဆက်ဆံရေးဝန်ဆောင်မှုပေးနေတဲ့ ဖောက်သည်ဖြစ်တဲ့ SME Development Bank နာမည်နဲ့ ငွေကြေးလိမ်လည်မှုတွေ လုပ်နေတဲ့အကြောင်းပြောဆိုလာပါတယ်။

သုံးသပ်ချက်

ဘဏ်တွေမှာ ချေးငွေတခုခု ထုတ်ချေးဖို့အတွက် လူကိုယ်တိုင်လာသွားရောက် လျှောက်ထားရလေ့ရှိပြီး အသေးစားချေးငွေလုပ်ငန်းတွေက ထုတ်ချေးလေ့ရှိတဲ့ ကျပ်သိန်းအနည်းငယ်ကလွဲလို့ ချေးငွေထုတ်ချေးဖို့အတွက် အနည်းဆုံး လုပ်ငန်းလိုင်စင်၊ လုပ်ငန်းလည်ပတ်မှုမှတ်တမ်း၊ အခွန်အခဆိုင်ရာ မှတ်တမ်းတွေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ အပေါင်ပစ္စည်းတခုခုကို ဘဏ်ကို အာမခံအနေနဲ့ ပေးထားရလေ့ရှိပါတယ်။ အွန်လိုင်းပေါ်ကနေ ချေးငွေကို မိနစ်ပိုင်းအတွင်း အလွယ်တကူချေးယူနိုင်တယ်ဆိုတာ‌ ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေသူတွေရဲ့ သားကောင် ရှာဖွေနည်းဖြစ်ပြီး ယုံကြည်လို့မရနိုင်ဘူးလို့ သုံးသပ်ရပါတယ်။

ပြောဆိုချက်- SME ဘဏ်ဟာ အွန်လိုင်းကနေ အလွယ်တကူချေးငွေ ထုတ်ချေးနေတယ်

Avatar

Title:Fact Check: SME ဘဏ်ဟာ အွန်လိုင်းကနေ အလွယ်တကူချေးငွေ ထုတ်ချေးနေ သလား-မဟုတ်ပါ

Fact Check By: နေရာမောင်

Result: False