ပြည်သူထံ ချက်ချင်းအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချလိုက်တယ်၊ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ ဖြန့်ဝေမှုကို ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

“လူထုကို ချက်ချင်းအာဏာပြန်ပေးဖို့အမိန့်ချ

ကုလအထူးရဲ့လုပ်ပိုင်ခွင့်ထုတ်သုံးပြီ၊ ချက်ချင်းအာဏာလွှဲခိုင်းလို့ ဗိုလ်ချုပ်တွေ ကယောင်ကရမ်းဖြစ်ကုန်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ တပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ကုလသမဂ္ဂအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်သူလူထုထံကို ချက်ချင်းအာဏာပြန်လွှဲဖို့ အမိန့်ချလိုက်လို့ စစ်ဗိုလ်ချုပ်တွေ ကယောင်ကယမ်းဖြစ်ကုန်တယ်ဆိုပြီး ရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ “မြန်မာအထူးကိုယ်စားလှယ် တာဝန်အတွက် Julie Bishop ဂုဏ်ယူ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဧပြီလ ၅ ရက်က တာဝန်ပေး ခံရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ (Julie Bishop) က သူ့အနေနဲ့ ဒီလို ခန့်အပ်ခံ ရတာကို အထူးပဲ ဂုဏ်ယူမိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာချက် ထုတ်ခဲ့ပြီး သူ့အနေနဲ့ "ကုလသမဂ္ဂ အထွေထွေညီလာခံက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် တာဝန်နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကူညီပေးဖို့” လုပ်ဆောင်သွားမယ်လို့ ပြောကြောင်း မူလသတင်းမှာဖော်ပြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ၂၁ ရက်မှာချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သူတွေကို ချက်ချင်းပြန်လွှတ်ဖို့နဲ့ အမျိူးသားပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့၊ လူ့အခွင့်အရေးကိုလိုက်နာပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အဖွဲ့အသီးသီးကို တိုက်တွန်းတာတွေပါဝင်တယ်။

နောက်ထပ် ဗွီဒီယိုပါသတင်းဟာ “ကုလလုံခြုံရေး အကြီးအကဲရဲ့ မြန်မာခရီးစဉ်အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အမြင်”ဆိုတဲ့ သတင်းတွေပဲဖြစ်တယ်။

သုံးသပ်ချက်

“Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ တပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ရဲ့ ၂၀၂၂ ခုနှစ်က လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အကောင် အထည်ပေါ်အောင်ဆောင်ရွက်မယ့်သတင်းနဲ့ စစ်ကောင်စီက လုံခြုံရေးမပေးနိုင်တော့တာ ပေါ်လွင်နေတဲ့ ကုလလုံခြုံရေးခရီစဉ်အပေါ်အမြင်တွေကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်ကို လိုအပ်သလို ရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်။

ပြောဆိုချက်- ပြည်သူထံ ချက်ချင်းအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချ

Avatar

Title:Fact Check: ပြည်သူထံအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချဆိုတဲ့ သတင်း‌တု

Fact Check By: နေရာမောင်

Result: Misleading