နှစ်ပေါင်း ၃၇၅ နှစ်မှာ တကြိမ်သာမြင်ရတဲ့ နေကြတ်ခြင်းကို မြန်မာနိုင်ငံက မြင်ရမယ်လို့ဆိုလိုထားတဲ့ ပို့စ်တခု မြန်မာဘာသာနဲ့ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“နှစ်ပေါင်း ၃၇၅ နှစ်အတွင်း

ပြန်မြင်ရမည့်

#နေကြတ်ခြင်းပုစံကို

2024 ခုနှစ် ဧပြီလ 8 ရက်နေ့ တွင် ကြုံကြရမည်ဖြစ်သည်

နေကြတ်ခြင်းကြောင့်နေ့မှ ညသို့

ပြောင်းလဲသွားမည်ဖြစ်ပါသည်

အပူချိန်ကျသွားမယ်

အမှောင်က နေရောင်ကို

ညအဖြစ်ပြောင်းသွားမယ်

ဤကဲ့သို့သော စုစုပေါင်း နေကြတ်ခြင်းကို

ကျွန်ုပ်တို့ မတွေ့ရသည်မှာ

၃၇၅နှစ်ရှိပြီဖြစ်သည်

MMS..mmm

#Credit”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ သဘာဝမှာ “နေ”၊ “ကမ္ဘာ”၊ “လ”တို့ဟာ သက်ဆိုင်ရာ ဘဲဥပုံ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်သွားလာနေကြရင်း “နေ”နဲ့ “ကမ္ဘာ”ကြားမှာ “လ” ရောက်ရှိချိန်မှာ “နေ”ကို “ကမ္ဘာ”ကကြည့်ရင် တစိတ်တပိုင်းဖြစ်စေ အပြည့်အဝဖြစ်စေ ယာယီ ဖုံးကွယ်ထားသလို ဖြစ်စေခြင်းကို နေကြတ်ခြင်းလို့ ခေါ်ကြတာဖြစ်တယ်။ နေကြတ်ခြင်းဟာ တနှစ် ၂ ကြိမ်ကနေ ၅ ကြိမ်အထိဖြစ်နိုင်ပြီး အရမ်းဖြစ်ခဲတဲ့အရာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ နေကို လုံးဝမမြင်ရအောင် “လ”က ဖုံးကွယ်တဲ့ဖြစ်စဉ် “အပြည့်အဝနေကြတ်ခြင်း” သို့မဟုတ် “နေလုံးဝကြတ်ခြင်း” ကတော့ ၁၈ လမှ တကြိမ်ပဲ ကမ္ဘာပါ်က လူတွေအနေနဲ့ တွေ့ရနိုင်ပါတယ်။

ဒီလိုဆို ၃၇၅ နှစ်မှာ တကြိမ်ပဲ နေကို မြင်ရတယ်ဆိုတာ မဟုတ်ဘူးလား။ ဒီကိန်းဂဏန်းကလည်း အမှန်ပဲ ဖြစ်ပါတယ်။ မိနစ်ပိုင်းအားဖြင့် “နေ”ကို “လ”က လုံးဝဖုန်းကွယ်ထားပြီး ကမ္ဘာကြီးအမှောင်ကျသွားသလို ခံစားမှုနဲ့ ရုတ်တရက်အေးသွားခြင်းဆိုတဲ့ “နေလုံးဝကြတ်ခြင်း”ဖြစ်စဉ်ကို နေအိမ်တခုထဲကနေ သို့မဟုတ် နေရာတခုထဲကနေ နောက်တကြိမ်ခံစားရဖို့အတွက်ကတော့ ပျှမ်းမျှအားဖြင့် နှစ်ပေါင်း ၃၇၅ နှစ် ကြာနိုင်ပါတယ်။ ဧပြီ ၈ ရက်နေ့ နေကြတ်ခြင်းဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနဲ့ မက္ကစီကိုနိုင်ငံက ဒေသအချို့နဲ့သာ သက်ဆိုင်ပါတယ်။ ဧပြီ ၈ ရက်နေ့မှာ ဒီဒေသမှာရှိတဲ့ လူသန်းပေါင်းများစွာကတော့ “နေလုံးဝကြတ်ခြင်း” ကို မြင်တွေ့ခံစားရ မှာဖြစ်ပါတယ်။

အခု ပျံ့နှံ့နေတဲ့ ပို့စ်ပါ ၃၇၅ နှစ်မှာ တကြိမ်သာ မြင်ရတဲ့ နေကြတ်ခြင်းအကြောင်းဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် လီယန်ဒါ(Leander)မြို့က လူထုကို နှိုးဆော်ချက်နဲ့ သက်ဆိုင်နိုင်ပါတယ်။

ဧပြီ ၈ ရက်မှာ ဖြစ်ပေါ်မယ့် “နေလုံးဝကြတ်ခြင်း” ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လေထု ဖိအားနဲ့ အပူချိန်ပြောင်းလဲမှု စတဲ့အကြောင်းအရာတွေကို လေ့လာဖို့ ပြင်ဆင်နေကြပါတယ်။

သုံးသပ်ချက်

ဧပြီ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနဲ့ မက္ကစီကိုနိုင်ငံက ဒေသအချို့မှာ ကြုံတွေ့ရမယ့် “နေလုံးဝကြတ်ခြင်း” ဖြစ်စဉ်အတွက် လူသန်းပေါင်းများစွာဟာ စိတ်ဝင်တစားစောင့်ဆိုင်းနေချိန်မှာ အခုလို မပြည့်စုံတဲ့ သတင်းတခုဟာ မြန်မာဘာသာအသုံးပြုသူတွေအကြား ပျံ့နှံ့လာခြင်းဖြစ်တယ်။ သို့ပေမဲ့ အခုလို ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ နေကြတ်ခြင်းကို မြန်မာနိုင်ငံအနေနဲ့ တွေ့မြင်ရဖို့မရှိပါဘူး။ “နေလုံးဝကြတ်ခြင်း”ဟာ ကမ္ဘာပေါ်က လူသားတွေအတွက် အရမ်းရှားပါးတဲ့ ဖြစ်စဉ်တခုမဟုတ်ဘဲ ၁၈ လတကြိမ် ကမ္ဘာပေါ်က နေရာတချို့ မှာ ကြုံတွေ့ရနိုင်ပါတယ်။ သို့သော်လည်း “နေလုံးဝကြတ်ခြင်း”ဖြစ်စဉ်ကို နေအိမ်တခုထဲကနေ နောက်တကြိမ် တွေ့မြင်ခံစားရဖို့အတွက်ကတော့ နှစ်ပေါင်း ၃၇၅ နှစ် ကြာနိုင်ပါတယ်။

ပြောဆိုချက်- နှစ်ပေါင်း ၃၇၅ နှစ်မှ တကြိမ်သာ မြင်ရမယ့် နေလုံးဝကြတ်ခြင်းကို မြန်မာနိုင်ငံက ခံစားရမယ်

Avatar

Title:Fact Check: နှစ်ပေါင်း ၃၇၅ နှစ်မှ တကြိမ်သာ ခံစားရမယ့် နေကြတ်ခြင်းမှာ မြန်မာနိုင်ငံပါလား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: Insight