Fact Check: UEC ဦးလှသိန်း ဖော်ကောင်လုပ်ပြီ၊ မဲမသမူရှိခဲ့ကြောင်းဝန်ခံလို့ သတင်းတုသတင်းမှားဖြန့်

Misleading လူမှုရေး

မဲလိမ်စားတဲ့စာရင်း ထုတ်မပြနိုင်တာ NLD ကခိုင်းလို့လုပ်ရတာဖြစ်ပြီး သူ့မှာအပြစ်မရှိပါကြောင်း UEC ဦးလှသိန်းဖော်ကောင် လုပ်ပြီဆိုပြီးတော့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ NLD ပါတီ CEC အဖွဲ့နဲ့ UEC တို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော် NLD ရုံးချုပ်မှာ အစည်းအဝေးလုပ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် ၅ လအလိုတုန်းကလည်း နေပြည်တော်မှာ UEC အဖွဲ့တွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “#မောင်လှသိန်းကတော့ကိုယ်လွတ်ရုန်းပြီခွတ်ဒေါင်းသွေးရဲလေပြီ”လို့ အစချီထားပြီး 

“ကြားရတဲ့သတင်းအရ ဦးလှသိန်းက ၎င်းအား စစ်ဆေးသည့်အချိန်

အာဏာရှိသူလုပ်ခိုင်းလို့လုပ်ရတာကြောင့် သူ့အပြစ်မဟုတ်ကြောင်း

မဲစာရင်းများလိမ်ထားသော်လည်း NLD ပါတီက မထုတ်ပြခိုင်း၍

မထုတ်ပြခဲ့ရတာဖြစ်ကြောင်း မထုတ်ပေးရန်ပြောဆိုထားသည့် 

သက်သေများလည်းပေးမည်ဟု ပြောဆိုထားကြောင်း

မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေကို NLD ပါတီကလူတွေပဲခန့်ခဲ့ရတာလည်း

ရွေးကောက်ပွဲမတိုင်ခင် NLD ဗဟိုအစည်းအဝေးတွင် တိုင်းနှင့် ပြည်နယ်တွေက

ဝန်ကြီးချုပ်တွေပေးသည့် လက်ရေးမူစာရင်းအတိုင်းခန့်အပ်ပေးခဲ့ရတာဖြစ်ကြောင်း

ရုံးစာဖြင့်ပေးခဲ့ခြင်းမဟုတ်ဘဲ လက်ရေးဖြင့်လက်ကမ်းပေးခဲ့ခြင်းဖြစ်ကြောင်း

တပ်က တိုင်းနှင့်ပြည်နယ်တွေကိုတိုက်စစ်သည့်စာရင်းသာရှိသေးပြီး 

ပြည်ပရောက်စာရင်းများနှင့်တိုက်မစစ်ရသေးကြောင်း

တိုက်ဆိုင်စစ်ဆေးပါက ယခုထက်ပိုသောမဲစာရင်းများကိုတွေ့ရှိရမည်ဖြစ်ကြောင်း

သက်သေတွေကိုလည်း ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်”စသည်ဖြင့်ရေးသားပြီး “Win Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၅ ကြိမ်ရှိပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌ ဦးလှသိန်းဟာ ဒီလိုမျိုး NLD ကခိုင်းလို့လုပ်ရတယ်လို့ ဝန်ခံခဲ့တယ်ဆိုတဲ့ အထောက်အထား လွတ်လပ်သော မီဒီယာတွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာလည်းမရှိပါဘူး။

မဲစာရင်းမှားတာကို အကြောင်းပြအာဏာသိမ်းခဲ့ပေမဲ့ တစ်နှစ်ပြည့်ကာနီးအချိန်အထိ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်၊ မဲလာပေးသူ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း တစ်ကြိမ်ထက်မဲပိုပေးသူ ၂၀၀၀ ဝန်းကျင်ကိုသာ စစ်ကောင်စီဖော်ထုတ်နိုင်သေးတယ်လို့ Myanmar Now သတင်းဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာရေးသားပါတယ်။ စစ်တပ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ချက်ကို ကိုးကားရေးသားတယ်လို့လည်း ဒီသတင်းမှာဖော်ပြပါတယ်။

မဲမသမာမှုကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ဘဲ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ထုတ်ပြန်ထားပါတယ်။

မူရင်းလင်ခ့် – BBCArchive link 

“NLD ပါတီ CEC အဖွဲ့နဲ့ UEC တို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော် NLD ရုံးချုပ်မှာ အစည်းအဝေးလုပ်ခဲ့တယ်”လို့ရေးသားထားချက်ဟာလည်းမှားယွင်းပါတယ်။ NLD ပါတီ CEC အစည်းဝေး လုပ်တာမှန်ပေမဲ့ UEC ပါဝင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ အဲဒီအချိန်က ဘီဘီစီ သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။

ထို့အပြင် အဓိကကျတဲ့စကာလုံးအသုံးပြုပြီး အကြောင်းအရာကို ထပ်မံရှာဖွေကြည့်ရာမှာ UEC ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ၂ ဦးကို နေပြည်တော် အချုပ်ထောင်ပို့ခဲ့တယ်လို့ ဧရာဝတီသတင်းဌာနနဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်စွဲနဲ့ သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Irrawaddy BurmeseArchive link 

 “၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းစသည့် ကိစ္စရပ်များတွင် တရားမဲ့ပြုကျင့်မှုများ၌ ပါဝင်ပတ်သက်ခဲ့ သည်ဆိုကာ တရားစွဲဆိုအရေးယူထားကြောင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နို ဝင်ဘာ ၁၅ ရက်နေ့က ကြေညာထားသည်။”သည်လို့ ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

UEC ဥက္ကဌ ဦးလှသိန်း အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ သုံးဦးအား အာမခံမပေးလိုတဲ့အတွက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မဖြင့်ပါ ထပ်မံတရားစွဲထားတယ်လို့လည်း ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲနဲ့ သတင်းတစ်ပုဒ်မှာလည်း ထပ်မံဖော်ပြပါတယ်။ 

ဒီသတင်းတွေမှာလည်း ဦးလှသိန်းဟာ အခုလို ဝန်ခံထွက်ဆိုခဲ့တယ်ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ UEC ဥက္ကဌ ဦးလှသိန်းက NLD ကခိုင်းလို့လုပ်ရတယ်လို့ ဝန်ခံထွက်ဆို တယ်ဆိုတဲ့ အချက်အလက်ဟာ အထောက်အထားမရှိဘဲ သတင်းတုသတင်းမှာဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: UEC ဦးလှသိန်း ဖော်ကောင်လုပ်ပြီ၊ မဲမသမူရှိခဲ့ကြောင်းဝန်ခံလို့ သတင်းတုသတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *