Fact Check: အမေရိကန် ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ နိုင်ငံရေးသမား အာနိုး ဟိုတယ် အခန်းမငှားလို့ လမ်းပေါ်မှာအိပ်ခဲ့ရသလား-မဟုတ်ပါ

နိုင်ငံတကာ၊ | International

အမေရိကန်နာမည်ကြီး ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ မြို့တော်ဝန်တဦးလည်းဖြစ်ခဲ့တဲ့ အာနိုးရှဝါစနေကာ(Arnold Schwarzenegger)ဟာ ဟိုတယ်မှာ အခန်းငှားလို့မရတဲ့အတွက် လမ်းဘေးမှာပဲ အိပ်ခဲ့ရတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။

အာနိုးဟာ မြို့တော်ဝန်ဖြစ်ခဲ့စဉ်က သူ့ကို ချီးမွှမ်းထောပနာပြုခဲ့ပြီး ဟိုတယ်ရှေ့မှာ သူ့ရုပ်ထု ထုလုပ်ထားရှိခဲ့တဲ့ ဟိုတယ်ဟာ သူ့အတွက် ဘယ်အချိန်မဆိုလာလို့ရတဲ့ အခန်းတခုထားပေးထားမယ်လို့ ပြောခဲ့ပေမဲ့ မြို့တော်ဝန်အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် အဲဒီဟိုတယ်ကို ရောက်သွားချိန်မှာတော့ သူ့အတွက် အခန်းမရှိတော့ဘူးလို့ ပြောလွှတ်ခဲ့တာကြောင့် ဟိုတယ်ရှေ့က သူ့ရုပ်တုရှေ့မှာပဲ အိပ်ခဲ့ရတယ်လို့ဆိုပြီး  

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူ ထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“နာမည်ကြီးမင်းသားကြီး Arnold Schwarzenegger က သူ့ရဲ့ နာမည်ကြီးကြေးရုပ်အောက်မှာ လမ်းပေါ်မှာ အိပ်ပျော်နေတဲ့ပုံကို တင်ခဲ့ပြီး “အချိန်တွေ ဘယ်လိုပြောင်းလဲသွားလဲ” လို့ ဝမ်းနည်းစွာ ရေးသားခဲ့ပါတယ်။

သူရေးခဲ့တဲ့ အကြောင်းရင်းက သူအသက်ကြီးလို့သာ မဟုတ်ပါဘူး၊ ကယ်လီဖိုးနီးယားမှာ မြို့တော်ဝန်ဖြစ်တုန်းက သူ့ရဲ့ရုပ်တုနဲ့ ဟိုတယ်တစ်ခုမှာ တည်ထောင်ခဲ့လို့ပါပဲ။ ဟိုတယ်ဝန်ထမ်းတွေက အာနိုးကို ပြောပါတယ်။ “ဘယ်အချိန်မဆို မင်းလာလို့ရပြီး ငါတို့မှာ အခန်းတစ်ခန်း ထားထားပေးမယ်။”

အာနိုးက မြို့တော်ဝန်အဖြစ်ကနေ နုတ်ထွက်ပြီး ဟိုတယ်ကို သွားတဲ့အခါ အုပ်ချုပ်ရေးမှုးတွေက တောင်းဆိုမှု များတဲ့အတွက် အခန်းတစ်ခန်း ပေးသင့်တယ်လို့ ငြင်းဆန်ခဲ့ပါတယ်။

သူက အိပ်အိတ်ယူလာပြီး ရုပ်တုအောက်မှာ မတ်တပ်ရပ်ပြီး သူပြောချင်တာ ရှင်းပြတယ် “ငါ အရေးကြီးတဲ့ နေရာမှာ ရောက်နေတုန်းကဆို ငါ့ကို ချီးကျူးစကားတွေ ပြောကြတယ်၊ ငါ ဒီရာထူးပျောက်သွားတဲ့အခါ ငါ့ကိုမေ့ပြီး ကတိမတည်ကြဘူး။ ကိုယ့်ရာထူး၊ ကိုယ့်မှာရှိတဲ့ ငွေပမာဏ၊ ကိုယ့်အာဏာ၊ ဉာဏ်ရည်ကို မယုံနဲ့၊ ကြာရှည်ခံမှာ မဟုတ်ဘူး။ “

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ကမ္ဘာ့ အကျော်အမော် ဇာတ်ကြမ်းရုပ်ရှင်မင်းသား အာနိုးဟာ အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်ရဲ့ မြို့တော်ဝန်တယောက်လည်းဖြစ်ပြီး လမ်းပေါ်အိပ်နေတာကလည်း အမှန်တကယ်ဓာတ်ပုံဖြစ်ပါတယ်။ 

သို့ပေမဲ့ ဓာတ်ပုံဟာ “Aftermath”ရုပ်ရှင်ရိုက်ကူးရင် သူ့ကို ဂုဏ်ပြုတည်ဆောက်ထားတဲ့ အိုဟိုင်အိုပြည်နယ်က Greater Columbus Convention Center ရဲ့ရှေ့က သူ့ရုပ်တုရှေ့မှာ အာနိုးက ရိုက်ကူးခဲ့တာဖြစ်တယ်။ မင်းသား အာနိုးရဲ့ အင်စတာဂရမ်(instagram) အကောင့်ကနေ မျှဝေခဲ့တဲ့ ဓာတ်ပုံတခုဖြစ်ပြီး ဒီဓာတ်ပုံကို အကြောင်းပြုပြီး သူက နောင်တစကားဆိုခဲ့တယ်ဆိုတာကလည်း အထောက်အထားမရှိပါဘူး။  နောက်ပြီး အခုလိုမျိုး ဟိုတယ်မှာ အခန်းမရလို့ လမ်းဘေးမှာ အိပ်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုချက်ကတော့ မမှန်ပါဘူး။ 

ဖေ့စ်ဘွတ်မှာ အခုလို ပြောဆိုမျှဝေနေတာနဲ့ပတ်သက်ပြီး Fact Crescendo Sri Lanka က ၂၀၂၀ ခုနှစ်ထဲမှာ အချက်အလက်စိစစ်‌ဖော်ပြခဲ့ဖူးပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ သူ့ရဲ့ အကောင့်မှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်က ဖော်ပြခဲ့တဲ့ပို့စ်ဖြစ်တယ်။ မူလအင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို တိုက်ရိုက်ပြန် ဆိုရင်  အခုပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့မှာဖော်ပြသလိုပဲ “အချိန်တွေ ဘယ်လိုပြောင်းလဲသွားလဲ”လို့ နားလည်နိုင်ပါတယ်။

ဒီဓာတ်ပုံကို အသုံးပြုပြီး နိုင်ငံရေးသမားတဖြစ်လဲ မင်းသား အာနိုးက အခုလိုမျိုးနိုင်ငံရေးက အနားယူချိန်မှာ ဟိုတယ်မှာ အခန်းဌားဖို့ ငြင်းပယ်ခံလို့ လမ်းဘေးအိပ်ခဲ့ရတယ်ဆိုတာ မဟုတ်သလို ဒီရုပ်တုရှိတဲ့နေရာဟာ ကယ်လဖိုးနီးယားပြည်နယ်က ဟိုတယ်တခုရဲ့ အပြင်ဘက်မှာမဟုတ်ဘဲ အိုဟိုင်အိုပြည်နယ်က Greater Columbus Convention Center ရဲ့ရှေ့မှာရှိတဲ့အကြောင်း အခြားသော အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်း အသီးသီးက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အချက်အလက်စိစစ်ဖော်ပြခဲ့ကြပြီးဖြစ်ပါတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာ ဖတ်ပါ။ )

သုံးသပ်ချက်

အမေရိကန် ရုပ်ရှင်မင်းသားနဲ့ နိုင်ငံရေးသမား အာနိုး လမ်းပေါ်အိပ်နေတဲ့ ဓာတ်ပုံဟာ ရုပ်ရှင်ရိုက်ကွင်းထဲက  မြင်ကွင်းဓာတ်ပုံတပုံဖြစ်တယ်။ ဓာတ်ပုံထဲမှာလို သူက လမ်းပေါ်မှာ အိပ်ပြီး ဓာတ်ပုံရိုက်ခဲ့တာမှန်ကန်ပေမဲ့ ဟိုတယ်အခန်းမရလို့ အိပ်ခဲ့ရတာမဟုတ်သလို ပျံ့နှံ့နေတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာပါသလို သူ့အနေနဲ့ နောင်တစကားတွေပြောခဲ့တယ် ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

Avatar

Title:Fact Check: အမေရိကန် ဇာတ်ကြမ်းရုပ်ရှင်မင်းသားနဲ့ နိုင်ငံရေးသမား အာနိုး ဟိုတယ် အခန်းမငှားလို့ လမ်းပေါ်မှာအိပ်ခဲ့ရသလား-မဟုတ်ပါ

Written By: နိုင်ငံတကာ 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *