
ရခိုင်ပြည်နယ် အမ်းမြို့မှာ ရခိုင်တပ်တော်(AA)က စစ်ရဟတ်ယာဉ်တစီး ပစ်ချမှုဆိုတဲ့ ဗွီဒီယိုဖိုင် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ AA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဟတ်ယာဉ် တစီးပစ်ချခဲ့တယ်ဆိုပြီးတော့ သတင်းထွက်ပေါ်အပြီးမှာ အခုလို ပျံ့နှံ့လာတာဖြစ်တယ်။
တကယ်တမ်းမှာ ဒီဗွီဒီယိုဟာ ပင်လည်ဘူးမြို့မှာ စစ်ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရစဉ်က ဖြစ်တာတွေ့ရပါတယ်။
အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“ကင်ခံလိုက် ရပီး
၊
ရခိုင်ပြည် အမ်းမြို့ လို့ပြောပါတယ် ကွက်တိပဲ ဘယ်နှစ်ဦးလဲ များမယ်”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါမြင်ကွင်းတချို့ကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံထဲက လက်နက်ကြီးနဲ့ ကျည်ဆံတွေ ထိမှန်ထားတဲ့ လွတ်လပ်ရေးကျောက်တိုင်ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအဖြစ်ထုတ်ပြန်ထားတဲ့ ဓာတ်ပုံထဲက မြင်ကွင်းနဲ့ တူညီတာတွေ့ရပါတယ်။ မြေလတ်အသံသတင်းဌာနက သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
အောက်မှာဖော်ပြထားတဲ့ စခရင်ရှော့ဓာတ်ပုံကတော့ NUG က အောက်တိုဘာ ၂၀ ရက်မှာထုတ်ပြန်ခဲ့တဲ့ ၅၄ ရက်ကြာတိုက်ခိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်မှု မှတ်တမ်းဓာတ်ပုံတွေထဲက တပုံဖြစ်တယ်။
မူရင်းလင်ခ့် – NUG | Archive link
NUG ထုတ်ပြန်ချက်ပါ လွတ်လပ်ရေးကျောက်တိုင်က အမှတ်အသားတချို့နဲ့ အခု လူမှုကွန်ယက်မှာ ပြောဆိုနေတဲ့ အမ်းမြို့မှာ AA က စစ်တပ် ရဟတ်ယာဉ်ကို ပစ်ခတ်မှုအဖြစ်ဖော်ပြထားတဲ့ ဗွီဒီယိုပါမြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်တယ်။
ဒီရဟတ်ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်ဟာ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲ စတင်စဉ်နွှဲစဉ် သြဂုတ်လအစပိုင်းက ဖြစ်စဉ်ဖြစ်ပြီး အခုတိုက်ခိုက်ခံရမှုဖြစ်စဉ်ကို တခြားရှု့ထောင့်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အမ်းမြို့နယ်မှာ AA က ရဟတ်ယာဉ်တစီးကို ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒီအပြင် အခုလို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ စစ်ရဟတ်ယာဉ်တိုက်ခိုက်ခံရမှု ဗွီဒီယိုဟာ NUG က ထုတ်ပြန်ထားတဲ့ ပင်လည်ဘူးမြို့သိမ်း တိုက်ပွဲဖြစ်စဉ်က ဖြစ်တာတွေ့ရပါတယ်။
ပြောဆိုချက်- အမ်းမှာ AA က စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခဲ့တဲ့ ဗွီဒီယို

Title:Fact Check: အမ်းမှာ AA က စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False