
တရုတ်မှာ ဝမ်ပေါင်(Wanbao)ကုမ္ပဏီပိုင်စက်ရုံမီးလောင်တာ ၂ ရက်ဆိုက်တိုက်ရှိပြီလို့ရေးသားပြီး မီးလောင် နေတဲ့ ရေနံဓာတုစက်ရုံတစ်ခုကို မီးသတ်ကားတွေ မီးငြှိမ်းသတ်နေပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သတ္တုတူးဖော်တဲ့ အငြင်းပွားဖွယ်ရာတရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါ တယ်။
သို့သော် ဓာတ်ပုံတွေဟာ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မီးလောင်တဲ့စက်ရုံဟာလည်း ဝမ်ပေါင်ကုမ္ပဏီပိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။
“လရောင် တော” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “လက်ပံတောင်းမှာ သံဃာတော်တွေကို
ဓာတုပစ္စည်းမီးလောင်ဗုံးနဲ့ပစ်
လယ်တီသိမ်တော်ကို ဖျက်စီးခဲ့တဲ့အကျိုးကျေးဇူး
တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီရဲ့
ဓာတုစက်ရုံမီးလောင်တာ နှစ်ရက်ရှိပြီတဲ့ မပြီးသေးဘူးတဲ့”စသည့်ဖြင့် ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီဓာတ်ပုံအင်တာနက်မှာပျံ့နှံ့ခဲ့မှုမှတ်တမ်းတွေကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီစက်ရုံမီးလောင်နေတဲ့ပုံကို ၂၀၁၅ ခုနှစ် ဧပြီလထဲမှာကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့တာကိုတွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ AFP သတင်းဌာနက ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပြီး ဓာတ်ပုံစာသားအဖြစ် “၂၀၁၅ ခုနှစ် ဧပြီ ၈ ရက်က တရုတ်နိုင်ငံ ဖူကျင့်(Fujian)ခရိုင် အရှေ့ပိုင်း ကျောင်းကျိုး(Zhangzhou)မြို့မှာ PX လို့ အများသိတဲ့ ပါရာ ဆိုင်လင်း(Paraxylene)ထုတ်လုပ်သော စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုကို မီးသတ်သများက ငြှိမ်းသတ်နေစဉ်။ ကျောင်းကျိုးမြို့က အခင်းဖြစ်ပွားတဲ့ ဓာတုစက်ရုံ မီးလောင်မှုကို မီးသတ်သမား ၈၀၀ ကျော်နှင့် ၂၄ နာရီကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဧပြီ ၇ ရက်က နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။ ဒီနေရာမှာပဲ နှစ်နှစ်အတွင်း ဒုတိယအကြိမ်လောင်ကျွမ်းမှုလည်းဖြစ်ပါ တယ်။ CHINA Out AFP PHOTO(Photo credit should be read STR/AFP via Getty Images)”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Getty Images | Archive link
အဲဒီအချိန်က ဒီဓာတ်ပုံကိုပဲအသုံးပြုပြီး ဒီစက်ရုံမီးလောင်မှုအကြောင်းဖော်ပြခဲ့တဲ့ သတင်းတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖတ်နိုင်ပါတယ်။
မီးလောင်ခဲ့တဲ့ စက်ရုံဟာ Dragon Aromatics ကုမ္ပဏီပိုင်စက်ရုံဖြစ်ပါတယ်။မီးလောင်ပြီးနောက် ဒီစက်ရုံဟာ ၃ နှစ်လောက်ပြန်လည်ပြုပြင်ခဲ့ပြီးနောက်မှာ မူလပိုင်ရှင်ဖြစ်တဲ့ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းစု ရှောင်လူလုပ်ငန်းစု (Xianglu Group)ဆီကနေ ဖူကျင့်ပြည်နယ်အစိုးရပိုင် ဖူကျင့်ရေနံဓာတုလုပ်ငန်းစု(Fujian Petrochemical Group)က ပိုင်ဆိုင်မှုကိုလွှဲပြောင်းရယူခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ တရုတ်နိုင်ငံမှာ ဓာတုစက်ရုံတစ်ရုံ ၂၀၁၅ ခုနှစ်က မီးလောင်ခဲ့တဲ့ ပုံဖြစ်ပြီး ဒီစက်ရုံဟာ မြန်မာနိုင်ငံမှာ အငြင်းပွားဖွယ် သတ္တုတူးဖော်ရေးဆောင်ရွက်နေတဲ့ ဝမ်ပေါင်ပိုင်ကုမ္ပဏီ ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

Title:မြန်မာမှာ သတ္တုတူးတဲ့ ဝမ်ပေါင်ကုမ္ပဏီ တရုတ်မှာ မီးလောင်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Misleading