
ဘင်္ဂလားနယ်စပ်မှာ အာဆာ(ARSA)အကြမ်းဖက်အဖွဲ့က ၃၀ ဦး မနေ့က ဖမ်းဆီးရမိပုံဆိုပြီးတော့ မျှဝေလျှက်ရှိပါ တယ်။
သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“မေ မြန် မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ဘဂလ နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့(၃၀) ဦး မနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၁၈ ရက်က အောက်ပါအတိုင်း မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ပထမဆုံးအနေနဲ့ ယခုရက်ပိုင်းအတွင်း ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်မျိုးမတွေ့ရပါဘူး။
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၈ ခုနှစ်ထဲမှာ အများအပြာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်တာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ စစ်တပ်က ရိုဟင်ဂျာတွေကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ တဲ့ဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ရတဲ့ဖြစ်စဉ်ကို ရိုက်တာ သတင်းဌာနကစုံစမ်းဖော်ထုတ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာဖော်ပြခဲ့တာ တွေ့ရပါတယ်။
“ရိုဟင်ဂျာအမျိုးသား ၁၀ ယောက်ကို သတ်ဖြတ်သည့်နေက ဒီဓာတ်ပုံကိုရိုက်ကူးထားသည်။ ဘယ်ဘက်က နောက်မှာလက်နက်ကိုင်လျှက်ရပ်နေသူသည် နယ်ခြားစောင့် ရဲအရာရှိ အောင်မင်းဆိုသူဖြစ်သည်။ ဒီဓာတ်ပုံကို ဗုဒ္ဓဘာသာဝင်ရွာလူကြီးတစ်ဦးဆီက ရရှိခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေများကလည်း မှန်ကန်ကြောင်းပြော သည်”လို့ ဓာတ်ပုံစာသားနေရာမှာ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Reuters | Archive link
နောက်ထပ်ဓာတ်ပုံတစ်ပုံဟာလည်း ဒီအင်းဒင်ရွာကဖြစ်စဉ်နဲ့သက်ဆိုင်ပြီး ဒီလိုသတ်ဖြတ်ခဲ့တဲ့ စစ်သားတွေကို ထောင်ဒဏ်လပိုင်းကျခံရပြီးနောက် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမိန့်နဲ့ ပြန်လွှတ် ပေးခဲ့တဲ့အကြောင်းဖော်ပြထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်မှာ အသုံးပြုထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Irrawaddy | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ၂၀၁၇ ခုနှစ်က အင်းဒင်မှာရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:၂၀၁၇ ခုနှစ်က အင်းဒင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ဓာတ်ပုံကို အသုံးပြုပြီး သတင်းတုဖြန့်
Fact Check By: Nayar MaungResult: Misleading