
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်တပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ရွာကိုမီးရှို့သွားတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။ မကွေးတိုင်းမှာ ရေစကြိုမှာစစ်တပ်က မီးရှို့ခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဟောင်းတစ်ခုကိုအသုံးပြုပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါပြောဆိုချက်အချို့ဖြစ်ပါတယ်။
“ရွာတွေကို ဘယ်သူမီးရှို့နေလဲ?
***************************
၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာထိပ် ဘုရားကုန်းနှင့် တာဝါ တိုင်ကုန်းနေရာတွေမှာ KIA နှင့် PDF ပူးပေါင်းအင်အား ၆၀ ဦးခန့်က နေရာယူပြီး နစကတပ်တွေကို စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ တဲ့အတွက် တိုက်ပွဲဖြစ်တယ် ထုံးစံအတိုင်း ပစ်ပြေးပြေးပြီး ရွာလယ်ဘုရားဝန်းကျင်မှာရှိတဲ့ နေအိမ်ထဲကနေ ပစ်လို့ တိုက်ပွဲထပ်ဖြစ်တယ် ..နောက်ဆုံး မနိုင်တော့ ရွာထဲကအိမ်တွေကို KIA/PDF တွေက မီးရှို့တယ် …
စစ်တပ်က မီးငြိမ်းသတ်ပေးလို့ ရွာမှာရှိတဲ့အိမ် (၃၇၂)လုံး စလုံး မီးမလောင်ပေမယ့် အိမ်အလုံး(၅၀)တော့ မီးလောင်ကျွမ်းသွာခဲ့တယ်”လို့ စသည်ဖြင့်ရေးသားပြီး “Ko Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ နိုဝင်ဘာ ၂၇ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဟာ မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ “Phoenix-အထူးပြောက်ကျားတပ်ဖွဲ့”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဧပြီ ၃ ရက်ကဖော်ပြခဲ့တဲ့ ၁ မိနစ်နဲ့ ၃၁ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ရေစကြို ရေလယ်ကျွန်းဒေသကို စစ်တပ်က မီးရှို့အပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တွေက ပြန်လည်မီးငြှိမ်းသက်နေတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ အခုလိုပဲ PDF က ရွာတွေ အိမ်တွေမီးရှို့ဖျက်ဆီးနေမှု သက်သေအဖြစ် ဒီဗွီဒီယိုဖိုင်ကို ဧပြီလထဲမှာဖြန့်ဝေခဲ့ရာမှာ Fact Crescendo Myanmar က အချက်အလက်စိစစ် ထားတာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။
မူရင်းလင်ခ့် – Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ | Archive link
မူရင်းဗွီဒီယိုမှာ မီးလောင်ပြကျထားတဲ့ မြင်ကွင်းကိုလည်း ရိုက်ပြထားပြီး ခြံဝင်းထရံကို မီးစတင်ကူး စပ်လောင် ကျွမ်းနေလို့ မီးမကူးနိုင်အောင် ဝန်းထရံကို ဆောင့်ကန်နေတာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားတစ်ဦးက အောက်ပါအတိုင်းပြောကြားချက် ကြားရပါတယ်။ (စကားချပ်- မကြားဝံ့မနာသာသော အသုံးအနှုန်းအချို့ကို ချန်လှပ်ထားခဲ့ပါတယ်)
“….စစ်ခွေးတွေ ရှို့သွားတာ။ ပြည်သူတွေကို အမြဲတမ်းဒုက္ခပေးနေတဲ့ကောင်တွေ…။ တစ်ရွာလုံးနီးပါးပဲ။ တစ်ရွာလုံးနီးပါပဲ။ အကုန်လုံးကွာ။ ဟာ ကိုတောက်တို့အိမ်ရော။ဟာ..။ မငြှိမ်းနိုင်သေးဘူး ကျွန်တော်တို့ လောလောဆယ်ခွေးတွေ အရင်ရှင်းနေရသေးတာမို့။ ဟာ ဆီဗူးတွေ ဆီးဗူးတွေပေါက်နေတာ”
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်တပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ရွာကိုမီးရှို့သွားတယ်ဆိုတဲ့ဗွီဒီယိုဟာ မကွေးတိုင်း ရေစကြို ရေလယ်ကျွန်းဒေသကို စစ်တပ်က မီးရှို့အပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တွေက ပြန်လည်မီးငြှိမ်းသက်နေတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

Title:Fact Check: KIA နဲ့ PDF က ရွာကို မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုသတင်းမှား
Fact Check By: နေရာမောင်Result: False