
ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီက ဇွန် ၂၂ရက်က ဆုံးဖြတ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးကြောင့် ဒုက္ခရောက်ကြရပြီ ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအား မြန်မာနိုင်ငံမှ လက်ခံရန်အတွက် ဇွန်(၂၂)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂဆိုင်ရာ လုံခြုံရေးကောင်စီက ထောက်ခံမဲ (၃၈)မဲဖြင့် အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး ရှိနေပါလျှက်နဲ့ ၂၀၁၇ခုနှစ် ဘင်္ဂလီအရေးအခင်း ဖြစ်သည့်အချိန်မှ ယနေ့အချိန်အထိ ကုလသမဂ္ဂ အစည်းအဝေးများကို ကြောက်ရွံ့စွာဖြင့် ရှောင်တိမ်းခဲ့သော အဆိုပါနိုင်ငံခြားရေးဝန်ကြီး၏ ညံ့ဖျင်းသိမ်နုပ်မှု့ အကျိုးဆက်များကို ယနေ့ခံစားနေရပါပြီ” ဆိုပြီး “အဲ့ဒေါဏီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကို ဖော်ပြပေးနေတဲ့ un.org မှာဝင်ရောက်ရှာဖွေကြည့်ရာမှာ ဇွန် ၂၂ ရက်ကမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ဇွန် ၂၂ ရက်က ဗွီဒီယိုကတစ်ဆင့် အစည်းအဝေး နှစ်ခုလုပ်ခဲ့ရာမှာ တစ်ခုက ဗဟိုအာဖရိကနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကတိကဝတ်အတိုင်း အားလုံးပါဝင်တဲ့ရွေးကောက်ပဲဖြစ်ဖို့တိုက်တွန်းချက်နဲ့သက်ဆိုင်ပြီး နောက်တစ်ခုက ဆိုမာလီယာနိုင်ငံအပေါ် ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာ မစ်ရှင်ရဲ့ လုပ်ပိုင်ခွင့်ကို သြဂုတ ၃၁ ရက်အထိတိုးမြှင့်ကြောင်းပဲဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုပဲ Google မှာ အဓိကကျတဲ့ “un security council Myanmar”စသည်ဖြင့် အဓိကကျတဲ့ စကားလုံးတွေရိုက်ရှာရာမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ လူ့အခွင့်အရေးကောင်စီ တတိယ အကြိမ်အစည်း အဝေးမှာ အီးယူက မူကြမ်းတင်သွင်းတာကို ပယ်ချခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ““အဲ့ဒေါဏီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ မျှဝေထားတဲ့ ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအား မြန်မာနိုင်ငံမှ လက်ခံရန်အတွက် ဇွန်(၂၂)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂဆိုင်ရာ လုံခြုံရေးကောင်စီက ထောက်ခံမဲ (၃၈)မဲဖြင့် အတည်ပြုဆိုတဲ့အချက်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Title:ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီဆုံးဖြတ်ဆို တဲ့သတင်းမှား
Fact Check By: Nayar MaungResult: False