
D-Day ဒုတိယအဆင့် NUG သမ္မတကြေညာပြီး တစ်နိုင်ငံလုံး ရိက္ခာစုထားဖို့ တိုက်တွန်းဆိုတဲ့ သတင်းတု ဗွီဒီယိုတစ်ခု အွန်လိုင်းအသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ “7days Media” အမည်နဲ့ ယူကျူ့ချန်နယ်ကမျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုမှာ “ဒုတိယ အဆင့်မြင့် D-Day ကြေညာ စားနပ်ရိက္ခါ စုဆောင်းထားကြရန် တစ်နိုင်ငံလုံး အရေးကြီးကြေညာ”ဆိုပြီးတော့ NUG သမ္မတ ဓာတ်ပုံနှင့်အတူ မျှဝေထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
သတင်းခေါင်းစဉ်လွဲနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စာသားသတင်းအချို့ကို ဗွီဒီယိုပုံစံပြောင်းလဲပြီး ကူးယူ ဖော်ပြနေခြင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ “NUG ခေါင်းဆောင်ပိုင်းက စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ဖို့ အချိန်ကျပြီ”ဆိုတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြခဲ့တဲ့ အတွေး အမြင်ဆောင်းပါးကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ The Diplomat မဂ္ဂဇင်းမှာ အင်္ဂလိပ်လိုပါရှိတဲ့ ဆောင်းပါးရှင် Luke Hunt ရဲ့ It’s time for the leadership of Myanmar’s NUG to step up ကို ဘာသာပြန်ဆိုချက်ဖြစ်ပြီး ဒီဆောင်းပါးမှာ NUG ဟာ PDF တွေအပေါ် အပြည့်အဝအာဏာ မသက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိခေါင်းဆောင်မျိုးလည်းမရှိလို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တွေက ယူကရိန်လိုမျိုးအကူအညီ မပေးတာဆိုပြီးတော့ ကောက်ချက်ချထားတဲ့ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ အပြည့်အစုံကို အောက်ပါလင့်ခ်မှာကြည့်ပါ။
မူရင်းလင်ခ့် – Ayeyarwaddy Times | Archive link
နောက်ထပ် သတင်းတစ်ပုဒ်ကတော့ မဇ္ဈိမသတင်းဌာနက ၂၀၂၃ ခုနှစ် ဧပြီ ၃၀ ရက်ကဖော်ပြခဲ့တဲ့ “CDF – ကန်ပက်လက်ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည် ကူးယူဖော်ပြနေခြင်းဖြစ်တယ်။ ဒီလင်ခ့်မှာကြည့်ပါ။
သုံးသပ်ချက်
သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းနဲ့ အတွေးအမြင်ဆောင်းပါးတွေကို နားလည်မှုလွဲစေနိုင်တဲ့ သို့မဟုတ် မသက်ဆိုင်တဲ့ ခေါင်းစဉ်တွေပေးပြီး ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်ပါတယ်။
ပြောဆိုချက်- D-Day ဒုတိယအဆင့် NUG သမ္မတကြေညာ၊စားနပ်ရိက္ခာဝယ်စုဖို့တိုက်တွန်း

Title:Fact Check: D-Day ဒုတိယအဆင့် NUG သမ္မတ ကြေညာပြီး ရိက္ခာစုထားဖို့ တိုက်တွန်းဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False