
အောက်တိုဘာ ၂၄ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တည်ထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတပွဲတစ်ခု ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၆၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး နောက်ထပ် ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ သတင်းတုသတင်းမှားတွေလည်း ပျံ့နှံ့ခဲ့ပြီး အဲဒီထဲမှာ လေယာဉ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးမှာ “KIA သို့”လို့ရေးသားထားတဲ့ ဓာတ်ပုံတစ်ပုံလည်း အပါအဝင်ဖြစ်ပါတယ်။
“သို့
မိတ်ဆွေ။ KIA ထံသို့။
#PeopleMedia”လို့ ရေးသားပြီး “We Are Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ဗြိတိန်အခြေစိုက် Sky News သတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြခဲ့တဲ့ ဗွီဒီယိုမှာ ဒီဓာတ်ပုံမြင်ကွင်းကိုတွေ့ရပါတယ်။
“စစ်သွေးကြွတွေပေါ်ကြဲချမယ့် ဗုံးမှာ “ပါရီအတွက်”လို့ ရုရှားလေတပ်စစ်သည် တွေရေးသား”

မူရင်းလင်ခ့် – Sky News | Archive link
ဒီဗွီဒီယိုဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန(Минобороны России)ရဲ့ ယူကျူ့ချန်နယ်(Youtube Channel)မှာ တင်ခဲ့တဲ့ ဗွီဒီယိုဖြစ်တာလည်းတွေ့ရပါတယ်။
“Hmeymim လေတပ်စခန်းမှ လေယာဉ်မှူးများနှင့် နည်းပညာရှင်များသည် အကြမ်းဖက်သမားများထံ ၎င်းတို့၏ သတင်းစကားကို ဦးစားပေး လေကြောင်းစာဖြင့် ပေးပို့ခဲ့သည်။”လို့လည်း ဗွီဒီယိုစာသားနေရာမှာရေးသား ထားပါတယ်။ Hmeymim လေတက်စခန်းဆိုတာကတော့ ဆီရီးယားပြည်တွင်းစစ်မှာ ရုရှားလေတပ်က အသုံးပြုခဲ့တဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်အတွင်းသတင်းတွေမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံနဲ့ “KIA သို့”လို့ရေးသားထားတဲ့ ဓာတ်ပုံကို အောက်ပါ အတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်KIA တပ်မဟာ ၉ နယ်မြေက ဂီတဖျော်ဖြေပွဲကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်အပြီး လူမှုကွန်ယက်မှာ ဝေဖန်မှုတွေပြင်းထန်လာချိန်မှာ စစ်တပ်ထောက်ခံသူတွေအကြားမှာ ဒီဓာတ်ပုံကိုစိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ စတင်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ တကယ်ဓာတ်ပုံအမှန်ဟာ ၂၀၁၅ ခုနှစ်အတွင်း သတင်းတွေမှာဖော်ပြခဲ့တဲ့ ရုရှားလေတပ်သားတွေက ရုရှားဘာသာစကားနဲ့ “ပါရီအတွက်”လို့ ရေးသားထားပါတယ်။

Title:၂၀၁၅ ခုနှစ်က ရုရှားကာကွယ်ရေးဌာနက “ပါရီအတွက်”လို့ ရေးသား ချက်ကို “KIA သို့”အဖြစ်ပြောင်းလဲထားတဲ့ဓာတ်ပုံ
Fact Check By: နေရာမောင်Result: Altered