
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီး လူတွေ ဆန္ဒပြနေကြသလို စစ်တပ်က အနိုင်ရ Move Forward ပါတီခေါင်းဆောင်အပါအဝင် ၁၃ ဦးကိုပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုထဲမှာ ဒီနေ့ည ၇ နာရီမှာပဲ ထိုင်းစစ်တပ်က အာဏာသိမ်းကြောင်း ကြေညာလိုက်ပြီး ထိုင်းပြည်သူတွေ လမ်းပေါ်ထွက်လာပြီး ထိုင်းဝန်ကြီးချုပ်အိမ်ကို မီးရှို့ဖို့လုပ်နေတယ်လို့ ရေးသားမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အလားတူ ၂၀၂၃ ခုနှစ် မေ ၂၆ ရက်မှာတော့ အခြားသော ယူကျူ့ချန်နယ်တစ်ခုကနေ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး Move Forward ပါတီခေါင်းဆောင်းအပါအဝင် ၁၃ ဦးကို ပစ်သတ်လိုက်တယ်ဆိုပြီးတော့ ဖြန့်ဝေခဲ့ပါတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်
ဒီသတင်းဖြန့်ဝေမှု ၂ ဦးစလုံးဟာ မြန်မာမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး နားလည်မှုလွဲစေ နိုင်တဲ့ သတင်းခေါင်းတု၊ခေါင်းစဉ်မှားတပ်ကာ ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ ယူကျူ့ချန်နယ်တွေကနေ ဖြန့်ဝေ နေတာဖြစ်ပါတယ်။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနတွေမှာလည်း ဒီလိုဖော်ပြချက် မတွေ့ရပါဘူး။ မီဒီယာတွေမှာဖော်ပြချက်မှာ ရွေးကောက်ပွဲနိုင်ပါတီ Move Forward Party နဲ့ညွှန်ပေါင်းဖွဲ့ဖို့ သဘောတူထားတဲ့ ပါတီတွေဟာ ဒီကနေ့ မေ ၃၀ ရက်မှာ တွေ့ဆုံခဲ့ကြပြီး အာဏာလွှဲပြောင်းရေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်နိုင်ပါတယ်။
ထို့အပြင် မတ် ၃၀ ရက်မှာ ဘီဘီစီက အနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာလိုင်ထရွန်ရက်(Pita Limjaroenrat)နဲ့ တွေ့ဆုံမေးမြန်းမှုကိုဖော်ပြခဲ့ပါတယ်။

ယခုလို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုပါ အကြောင်းအရာဟာ အွန်လိုင်းစာမျက်နှာတစ်ခုက ဖော်ပြခဲ့တဲ့ “ထိုင်းတွင် ပဋိပက္ခနှင့် အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ဟု သတိပေး”ဆိုတဲ့ ဗွီဒီယိုကို ရုပ်သံ တည်ဖြတ်မှုနည်းလည်းနဲ့ ပြုပြင်ပြောင်းလဲထားခြင်းဖြစ်တယ်။ မူလ ဖော်ပြချက်မှာ အနိုင်ရပါတီအနေနဲ့ အစိုးရမဖွဲ့နိုင်ခဲ့ရင် ထိုင်းနိုင်ငံမှာ ကွဲပြားမှုတွေကြီးထွားလာပြီ နိုင်ငံရေးမငြိမ်မသက်မှုကြောင့် စစ်အာဏာသိမ်းခံရနိုင်တဲ့အခြေအနေကို ရောက်နိုင်တယ်လို့ ရေးသားထားတာပဲဖြစ်ပါတယ်။မူလက အင်္ဂလိပ်ဘာသာနဲ့ ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့တဲ့ ထိုင်းမှာ အာဏာသိမ်းမှု ပြန်ဖြစ်ဖွယ်ရှိနေတဲ့အကြောင်း ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်လို့ လူတွေက လမ်းပေါ်ထွက်လာ တယ်ဆိုတာလည်းမဟုတ်သလို အနိုင်ရ Move Forward ပါတီခေါင်းဆောင်အပါအဝင် လူ ၁၃ ဦးကို ပစ်သတ်လိုက်သလို ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- ထိုင်းမှာ စစ်တပ်အာဏာသိမ်းပြီး MFP ပါတီခေါင်းဆောင်အပါအဝင် ၁၃ ဦးကို ပစ်သတ်

Title:Fact Check: ထိုင်းမှာ စစ်တပ်အာဏာသိမ်းပြီး အနိုင်ရပါတီခေါင်းဆောင်အပါအဝင် ၁၃ ဦးကို ပစ်သတ်ဆိုတဲ့ သတင်းမှား
Written By: နေရာမောင်Result: False