ထားဝယ်အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။

ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ DVB သတင်းဌာန သတင်းဖော်ပြချက် စခရင်ရှော့ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းရေးသား ဖြန့်ဝေထားပါတယ်။

“NUG အကြမ်းဖက်အဖွဲ့က တော်တော်ကိုယုတ်မာနေပြီ

ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင်ကို NUG လက်အောက်ခံ အကြမ်းဖက်PDFများမှ ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်းသိရ

အပြစ်မဲ့ပြည်သူ လူမှု၀န်ထမ်းတွေကို သတ်ဖြတ်တာဟာ တော်တော်လေးကို ယုတ်မာအောက်တန်းကျပါတယ်

လက်နက်မကိုင်ထားတဲ့ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့ PDFများ မြန်မြန်ဝဋ်လည်ပါစေ

မှိုင်းဝေ

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

DVB သတင်းဌာနက သတင်းဖော်ပြချက်နဲ့စခရင်ရှော့နဲ့အတူ “ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေး အသင်းခေါင်းဆောင်ကို NUG လက်အောက်ခံ အကြမ်းဖက်PDFများမှ ရက်ရက်စက်စက်သတ်ဖြတ် သွားကြောင်းသိရ” စသည်ဖြင့် ရေးသား ချက်ကို ပထမဆုံးကြည့်ရ‌အောင်ပါ။

စက်တင်ဘာ ၁၉ ရက်စွဲနဲ့ DVB သတင်းဖော်ပြချက်ထဲမှာ ဦးနိုင်မျိုးသွင်ကို နှိပ်စက်ခြင်းလည်းမရှိသလို ချုပ်နှောင်ထားခြင်းလည်းမရှိကြောင်း၊ မိသားစုနဲ့ အဆက်အသွယ်ရှိကြောင်း ဖမ်းသွားတဲ့ အဖွဲ့တွေက ထုတ်ပြန်လာကြောင်း သတင်းဖော်ပြချက်သာဖြစ်ပါတယ်။ သေဆုံးသွားတဲ့အကြောင်းမပါဝင်ပါဘူး။

ဦးနိုင်မျိုးသွင်ကို ဖမ်းဆီးထိန်းသိမ်းတယ်ဆိုပေမဲ့ ချုပ်နှောင်ထားခြင်းမျိုးမဟုတ်သလို မိသားစု၊ အသင်းသားတွေနဲ့ ဖုန်းဆက်သွယ်ခွင့် ကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုပေးထားကြောင်း ထားဝယ်မြို့ပြ​ပြောက်ကျားအဖွဲ့တာဝန်ခံ ကိုပီတာကို ကိုးကားပြီး DVT သတင်းမှာ ရေးသားထားတာဖြစ်တယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်း ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို စက်တင်ဘာ ၁၆ ရက်က လောင်းလုံးမြို့နယ် လမ်းပိုင်းတနေရာမှာ လက်နက်ကိုင်အဖွဲ့တခု ခေါ်ဆောင်သွားခဲ့တယ်လို့ ကနဦးသတင်းတွေမှာဖော်ပြပါတယ်။ ၂ ရက်အကြာ စက်တင်ဘာ ၁၈ ရက်မှာ ဦးနိုင်မျိုးသွင်ကို ထားဝယ်ပကဖ DDT အဖွဲ့နဲ့ ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့က ခေါ်ယူထိန်းသိမ်းစစ်ဆေးနေ ကြောင်း ထုတ်ပြန်လာတာဖြစ်တယ်။

မူရင်းလင်ခ့် – DVB TV News | Archive link

သုံးသပ်ချက်

ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို NUG လက်အောက်ခံ PDF က သတ်ဖြတ်တယ်ဆိုတာသတင်းမှားဖြန့်ချိနေခြင်းသာဖြစ်တယ်။ ကိုးကားထားတဲ့ DVB သတင်းဌာနကသတင်း‌ ဖော်ပြချက်မှာလည်း ဦးနိုင်မျိုးသွင်ဟာ ကောင်းမွန်မွန်နဲ့ ရှိနေပြီး မိသားစုနဲ့ အဆက်အသွယ်ရှိကြောင်း လည်းဖော်ပြပါတယ်။

ပြောဆိုချက်- ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို PDF က ဖမ်းဆီးသတ်ဖြတ်

Avatar

Title:Fact Check: ထားဝယ်က လူမှုကူညီရေးအသင်းခေါင်းဆောင်ကို PDF ဖမ်းဆီးသတ်ဖြတ် ဆိုတဲ့ သတင်းမှား

Written By: နေရာမောင်

Result: False