နေပြည်တော်မှာ တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းလည်း တိုက်ခိုက်ခံရပြီး သေဆုံးလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။
“နေပြည်တော်မှာ အခြေအနေ ထိန်းလို့ မရတော့ဘူး
လေယာဉ် အစီး (၂၀) ဖောက်ခွဲ ခံရပြီး
ဒုတပ်ချုပ်စိုးဝင်း အသတ်ခံရလို့ လန့်ကုန်ပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ဖြန့်ချိနေတဲ့နေရာဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်အပါအဝင် အသံဖိုင်နဲ့ ဖတ်ကြားရာမှာလည်း နေပြည်တော်မှာ စစ်တပ်ရဲ့ အဓိကကျတဲ့ တိုက်လေယာဉ် အစီး ၂၀ ဖောက်ခွဲခံလိုက်ရပြီး ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းလည်း ဒဏ်ရာရရှိ ခဲ့ပြီး ဆေးရုံမှာ အသက်လုနေရတယ်လို့ ဆိုထားပါတယ်။ ဒီပြောဆိုချက်ကို ပံ့ပို့ပေးမယ့် အထောက်အထား သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။
၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြချက် အကြောင်းအရာကတော့ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း သင်ကြားရန် မင်းအောင်လှိုင်ညွှန်ကြား”၊ “စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက မြို့နယ် ၈၁ ခုအတွက် ကြိုတင်မဲပေါင်း ၃ သိန်း ၄ သောင်းကျော်ဖြင့် အနိုင်ရပါတီအဖြစ် ဦးဆောင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
ဒု-စစ်ခေါင်းဆောင် စိုးဝင်းသေဆုံးမှု၊ တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရမှုဆိုတဲ့ အကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုပြောဆိုချက်ကို လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတချို့ကဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရောနှောဖော်ပြတဲ့ ဗွီဒီယိုတွေ ဖြန့်ချိတဲ့ “The Daily Lens”မှာသာ ဖော်ပြတယ်။
ပြောဆိုချက်- နေပြည်တော်မှာ တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒု-စစ်ခေါင်းဆောင် စိုးဝင်းလည်း တိုက်ခိုက်ခံရပြီး သေဆုံး
Title:Fact Check : တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒု-စစ်ခေါင်းဆောင် စိုးဝင်းလည်း သေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

