စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံခရီးစဉ်အတွင်း တိုက်ခိုက်ခံရပြီး အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတဲ့ ဗွီဒီယိုတခု “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၃ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၃ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။
“တိုက်ပွဲထဲ့ရောက်သွားပြီ
တပ်ချုပ် အရေးပေါ် ဖြစ်နေပြီ
ပုံဂံ ညောင်ဦးသို့ ဘုရားဖူးသွားတဲ့ တပ်ချုပ် ဝိုင်းပစ်ခံရ
လေယာဉ် ၆ စင်းနဲ့ ဗုံးကြဲနေပြီ”(မူရင်း အရေးအသား)
အချက်အလက်စိစစ်ချက်
အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Mandalay khiThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ဝေတဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ဇူလိုင် ၁၃ ရက်မှာ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖော်ပြခဲ့တဲ့ “ပုဂံ-ညောင်ဦးသို့ ဘုရားဖူးရင်း ယတြာချေမည့် မင်းအောင်လှိုင်ခရီးစဉ်အတွက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးအဆမတန် တိုးမြှင့်နေ”ဆိုတဲ့သတင်းကို ပြန်လည် မျှဝေထားတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “စစ်ကောင်စီက ကျောက်မဲမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံးထပ်ကြဲ”၊ “စစ်ကောင်စီကမန္တလေးမှာNon CDMဝန်ထမ်းတွေကို မဲနှိုက်ပြီး ရွေးကောက်ပွဲသင်တန်းတက်ခိုင်း”၊ “ဖားကန့်တွင် ယမန်နေ့ညပိုင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံး”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပုဂံကို သွားရောက်လည်ပတ်ဖို့ စီစဉ်နေပြီး စစ်တပ်က ဒီခရီးစဉ်အတွက် အနီးတဝိုက်က ကျေးရွားတွေကို စစ်ကြောင်းထိုးနေတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ “Mandalay khiThit” ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိပါတယ်။
ပြောဆိုချက်- စစ်ခေါင်းဆောင် ပုဂံခရီးစဉ်အတွင်း တိုက်ခိုက်ခံရပြီး အရေးပေါ်အခြေ အနေဖြစ်နေ

Title:Fact Check: စစ်ခေါင်းဆောင် ပုဂံခရီးစဉ်အတွင်း တိုက်ခိုက်ခံရပြီး အရေးပေါ်အခြေ အနေဖြစ်တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False