အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ယူကျူ့မှာ ပြောဆိုမျှဝေနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“အာဆီယံအထူးသံနဲ့တွေ့ဆုံဆွေးနွေးပြီး
ဒေါ်စု ကိုဒီနေ့ပဲ လွတ်ငြိမ်းချမ်းသာခွင့်
ပေးလိုက်ပြီလို့ မအလ ဒဲ့ကြေညာပြီ”

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ လွတ်လာပြီဆိုပြီး ဒီချန်နယ်ကပဲ ထပ်မံ ဖြန့်ချိထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။
အချက်အလက်စိစစ်ချက်
“Local Celegram”ဟာ မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားပြောဆိုတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း အစမှ ပြသတဲ့ ရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က လွှတ်ပေးလိုက်ပြီးလို့ ဆိုထားပေမဲ့ “အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် NUG၊ တိုင်းရင်းသားအဖွဲ့တို့ တွေ့”ဆိုတဲ့ သတင်းအကြောင်းအရာကို ပြန်လည်ဖော်ပြထားတယ်။ ဆွေးနွေးပွဲမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ အကောင်အထည်ရေး၊ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး၊ စစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီများ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပေးရေး၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေး စတဲ့ တောင်းဆိုချက်တွေ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ဒီအချက်တွေကို လက်ခံအကောင်အထည်ဖော်မယ်ဆို ပြောဆိုချက် အထောက်အထားမရှိပါဘူး။

သုံးသပ်ချက်
“Local Celegram”ဟာ မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ တွေ ပြုလုပ်ပါတယ်။ အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ သတင်းတုသာဖြစ်တယ်။
ပြောဆိုချက်- အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်
Title:Fact Check: အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

