နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ အမှုရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လွှတ်ပေးလိုက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်မှုရင်ဆိုင်ခိုင်းမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။
ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။
“ICJ မှာ စစ်ကောင်စီ ပထမရက် အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ထပ်လွှတ်ပြီ”

အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အကြောင်း ယုံကြည်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။
ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေတဲ့နေရာတွေဖြစ်တာတွေ့ရတယ်။ “The Daily Lens” ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတချို့ရဲ့ သတင်းဖော်ပြချက်တွေကို ရောနှောဖော်ပြလေ့ရှိပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ နောက်ထပ် ချန်နယ်တခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်း ဌာနကို တုပထားတဲ့ “Khit Thit Media”ဟာလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတယ်။ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရေး ကွန်ဗန်းရှင်းကို လက်မှတ်ရေးထိုး ထားပေမဲ့ နိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအတွက် အရေးယူပေးရန် ICJ ကို ဂမ်ဘီယာနိုင်ငံက စွပ်စွဲပြီး လျှောက်လဲချက်တင်ခဲ့တဲ့အမှုမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ နှစ်ဖက် သက်သေ တင်သွင်းမှုတွေကို စတင်ကြားနာနေပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်။ သတင်းဌာနတွေရဲ့ သတင်းဖော်ပြ ချက်တွေကို ဒီလင်ခ့်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့နိုင်တယ်။ ဇန်နဝါရီ ၂၀ ရက်အထိ ကြာမြင့်မယ် ဒီကြားနာပွဲ ဟာ နောက်ဆုံးကြားနာမှုဖြစ်နိုင်သလို ဆက်လက်ကြားနာတဲ့ ပွဲတွေလည်း ရှိနိုင်သေးတယ်လို့ ဂမ်ဘီယာနိုင်ငံ ကနေ အမှုလိုက်ပေးနေတဲ့ ရှေ့နေက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောပါတယ်။

သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ အထောက်အထားမတွေ့ရပါဘူး။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်ပျက်ကွက်မှုစွဲချက်ဟာ ICJ မှာ ကြားနာနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
ပြောဆိုချက်- ICJ မှာ အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ လွှတ်ပေး
Title:Fact Check: ICJ မှာ အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ လွှတ်ပေးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

