Fact Check: ရုရှားကာကွယ်ရေးဝန်ကြီးဟောင်ဆာဂေးရွှေဂူက ရှမ်းနီသွေးတဝက်ပါ တယ်ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွှေဂူ(Sergei Shoigu)ဟာ မြန်မာနိုင်ငံသား ရှမ်းနီတိုင်းရင်းသား ဖခင်က မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်တယ်လို့ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“မြန်မာ့တပ်မတော်ကို ရုရှားကကူညီနေရသည့် အဓိက 

အကြောင်းရင်း (သို့) ရှမ်းနီသွေး တဝက်ပါသူ 

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေကူ

———————————————-

ရုရှား ယူကရိန်းစစ်ပွဲအတွင်း မီဒီယာတွေမှာ အမြဲမြင်

တွေ့နေရတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဟာ မျက်လုံးလည်းမပြာ ဆံပင်လဲ မဝါသလို လူဖြူတွေလို အသားအရည်မျိုးလည်းရှိမနေတာ ထူးခြားမှုလို့မြင်တွေ့ရမှာပါ.

ဒါ့အပြင် ရုရှားအမျိုးသားတွေလိုထွားကျိုင်းတောင့်

တင်းတဲ့ ခန္ဓာကိုယ်မရှိဘဲ သာမန် အာရှသား တစ်

ယောက် အထူးသဖြင့် အရှေ့တောင်အာရှဘက်က 

ထိုင်းလိုလို မြန်မာလိုလို ရုပ်ရည်မျိုးရှိသူပါ.

တကယ်တော့သူဟာ မြန်မာနိုင်ငံနဲ့ အကြီးအကျယ်ဆက်နွယ်မှုရှိသူ ဖြစ်ပါတယ်.သူ့ရဲ့ ဖခင်ဟာ ကချင်

ပြည်နယ် ရွှေကူမြို့သား ရှမ်းနီလူမျိုး ဆရာဝန်တစ်ဦး

ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ.

ဒေါက်တာတည်ကြည်ဟာ မဆလခေတ် ဆိုဗီယက်

ယူနီယံကို ပညာသင် စေလွှတ်ခံရပါတော့တယ်.ဆိုဗီယက်ယူနီယံမှာ ၅ နှစ်တာ ပညာသင်ကြားခဲ့စဉ်အတွင်း ရုရှားသူနာပြု မစ္စဆာရာနဲ့ လက်ထပ်ခဲ့ပါတယ်.မော်စကိုမြို့မှာပဲ သားဦးရတနာ ဆာဂေးကို မွေးဖွားခဲ့ပါတယ်

နောက်တော့ ဟိုကောင်လေး ရုရှားစကားလဲ တတ်

တယ်.သူ့မိန်းမလဲ မန်းလေးနေပူကြီးထဲ နေနိုင်မှာ

မဟုတ်ဘူး. ရာသီဥတု အဆင်ပြေအောင် စဝ်စံထွန်းဆေးရုံ ပို့ပေးလိုက်ပါကွာဆိုတာနဲ့ပဲ တောင်ကြီးကို မိသားစုလိုက် ရွှေ့ခဲ့ရပါတော့တယ် 

သားဖြစ်သူ ဆာဂေးလေးဟာ တောက်တောက်ပြေးအရွယ်လေးဆိုတော့ ဗမာဆရာဝန်တွေ သူနာပြုတွေ ဝန်ထမ်းတွေက မော်စကိုသားကြီး မော်စကိုသားကြီး

လို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်. ဒါကို ဖခင်ဖြစ်သူ ဒေါက်တာစိုင်းတည်ကြည်က မကြိုက်ပါဘူး.

ကျုပ်သားက ရှမ်းနီဗျ. ဟိုမှာ မွေးပေမယ့် ရွှေကူသား

ဗျ လို့ ပြန်လှန်ပြောဆိုလေ့ရှိလို့ ဒါဆိုလဲ ရွှေကူသား

လေးပေါ့လို့ ပြောင်းခေါ်ကြရာကနေ ရွှေကူလေး

ရွှေကူလေးဆိုပြီး ဖြစ်လာခဲ့ပါတယ်”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အခုလို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တွေမှာ ပြောဆိုချက်တွေဟာ သမိုင်းအထောက်အထားနဲ့ ရှေ့နောက် မညီတဲ့ ပြောဆိုချက်များစွာပါဝင်ပြီး စစ်တပ်ဝါဒဖြန့်ချိရေးအသိုင်းအဝိုင်းက စတင်ဖြန့်ဝေလာခြင်းဖြစ်တာတွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ ဆာဂေးရွှေဂူဟာ မော်စကိုမြို့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကို ကြည့်ရအောင်ပါ။

ရုရှားအစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ အစိုးရထိပ်တန်းတာဝန်ရှိသူတွေရဲ့ ကိုယ်ရေးရာဇဝင်မှာ ဆာဂေးရွှေဂူဟာ ရုရှားနိုင်ငံ ချန်ဒန်(Chadan)မြို့မှာ မွေးဖွားခဲ့ပါတယ်။

နောက်တချက်ကတော့ သူ့ဖခင်ဟာ မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ခေတ်က ဆိုဗီယက်ယူနီယံ ပညာသင်ဆုရ မြန်မာနိုင်ငံ ကချင်ပြည်နယ် ရွှေကူမြို့က ရှမ်းနီ အမျိုးသားတစ်ဦးဖြစ်သူ ဒေါက် တာစိုင်းတည်ကြည်ဆိုပြီးရေးသားချက်ဖြစ်တယ်။ သူ့အဖေဟာ ကူဆိုရက် ရွှေဂူ(Kuzhuget Shoigu) ဖြစ်ပြီး သူဟာလည်း ရုရှားနိုင်ငံသားဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ဒီလိုပဲ ဆာဂေးရွှေဂူဟာ ၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ဖခင်ဟာ မဆလခေတ် ပညာသင်ဆုရကျောင်း သားဖြစ်ပြီး ဆိုဗီယက် ယူနီယံ ပညာသင်သွား‌ရောက်ခဲ့ရင်း ရုရှားနိုင်ငံသူနဲ့ အိမ်ထောင်ကျပြီး မွေးဖွားခဲ့တယ်ဆိုတာလည်း ယုတ္တိကင်းမဲ့ပါတယ်။ မြန်မာနိုင်ငံသမိုင်းကို ကြည့်မယ်ဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း အပြီးမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။ 

သုံးသပ်ချက်

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွှေဂူဟာ မြန်မာတိုင်းရင်းသားသွေး တဝက်ပါသူဖြစ်တယ်ဆိုတာ စစ်တပ်ဝါဒဖြန့်ချိရေးအသိုင်းအဝိုင်းက စတင်ဖြန့်ဝေလာတဲ့ ယုတ္တိကင်းမဲ့တဲ့ လုပ်ကြံရေးသားဖြန့်ဝေမှု တခုသာဖြစ်တယ်။  ဆာဂေးရွှေဂူဟာ ရုရှားနိုင်ငံအတွင်းမှာ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူဟာလည်း ရုရှားနိုင်ငံသား တဦးသာဖြစ်တယ်။

ပြောဆိုချက်- ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွှေဂူဟာ မြန်မာတိုင်းရင်းသား ဖခင်က မွေးဖွားခဲ့ပြီး မြန်မာသွေး တဝက်ပါသူဖြစ်တယ်

Avatar

Title:Fact Check: ရုရှားကာကွယ်ရေးဝန်ကြီးဟောင်ဆာဂေးရွှေဂူက ရှမ်းနီသွေးတဝက်ပါ တယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *