ဖွဲ့စည်းပုံပြင်ရင် နိုင်ငံခြားက မြန်မာနိုင်ငံကို ဝင်သိမ်းပိုက်ပြီး အမျိုးဘာသာပျောက်မယ်လို့ ဆိုလိုရင်းနဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။

တူညီတဲ့ပြောဆိုချက်တွေနဲ့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ DVB ဆွေးနွေးခန်းတစ်ခုမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ဒီလိုပြောကြားခဲ့တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ“ဘယ်ပုဒ်မကိုပြင်မှာလဲဆိုတော့ ပုဒ်မ ၆(စ) တဲ့ လွှတ်တော်က ၂၅% ထွက်သွားပါတဲ့။ ၂၅% ထွက်ရင် ပုဒ်မ ၄၂(ခ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့ ၄၂(ခ) ပြင်လိုက်ရင် ကိုကိုးကျွန်းကြီးပေါ်မှာ USA တပ်တွေရောက်လာမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၅၂ ကိုဖျက်လိုက် မှာပေါ့ ဒါဆိုရင် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာနယ်မြေ သတ်မှတ်ဘို့ လွယ်သွားမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၅၉(စ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့ ၅၉(စ) ပြင်လိုက်ရင်ဘာသာခြားတွေရဲ့ဓါတ်ပုံ အိမ်ဦးခန်း မှာ ချိတ်ရမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၃၆၁ ကိုဖြုတ်လိုက်မှာပေါ့ ဒါဆိုရင် ဘာသာခြားဘာသာတွေက ထိပ်ဆုံးရောက်ပြီး ဗုဒ္ဓဘာသာက အောက်ဆုံးမှာပေါ့ အခု ပုဒ်မတွေက အမျိုးဘာသာသာသနာနှင့် တိုင်းပြည်အကျိုး အတွက်ပြဌာန်း ထားတဲ့ ပုဒ်မတွေပေါ့ ရေသောက်မြစ်ဖြစ်တဲ့ အနှစ်သာရဖြစ်တဲ့ ပုဒ်မ ၆ ကိုသာ ပြင်လိုက်ရင် မြန်မာလူမျိုးများ ရဲ့ အမျိုးဘာသာသာသနာကို ကာကွယ်တဲ့ ပုဒ်မတွေဟာ အလိုလို ဖျက်ပြီးသား ဖြစ်သွားပြီပေါ့။ ကျွဲကူးရေပါပေါ့။ အံ့သြတယ် ချင်းတိုင်းရင်းသား ခရစ်ယာန် ဘာသာကိုးကွယ်သူက တိုင်းပြည်၊ လူမျိုး ၊ ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေချိန်မှာ ဗမာလူမျိုး ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေကတိုင်းပြည်၊ လူမျိုးနဲ့ ဘာသာကို ဖျက်ဆီးရေး လုပ်နေတာ”လို့ရေးသားထားပြီး အနောက်တိုင်းဝတ်စုံနဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံတစ်ပုံလည်း ပါဝင်ပါတယ်။

အလားတူ ရေးသားမျှဝေချက်တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် - Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်ရဲ့ ဓာတ်ပုံဖြစ် ပါတယ်။ ၂၀၁၉ ခုနှစ် မတ် ၃ ရက်မှာ DVB Debate အစီအစဉ်တစ်ခုဖြစ်တဲ့ "ဖွဲ့စည်းပုံထဲက ဘာတွေကို ပြင်မလဲ?"ခေါင်းစဉ်နဲ့ အစီအစဉ်မှာ ပါဝင်ဆွေးနွေးတုန်းက ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်ရဲ့ ပုံဖြစ်တာ Fact Crescendo Myanmar ကသတိပြုမိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးစိုးထားတဲ့ လွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ဆန့်ကျင်ဘက်ကနေဆွေးနွေးခဲ့ပေမဲ့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာလို ပြောဆိုဆွေးနွေးချက် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

"ဖွဲ့စည်းပုံထဲက ဘာတွေကို ပြင်မလဲ?"ခေါင်းစဉ်နဲ့ DVB Debate အစီအစဉ်ကို အပိုင်းသုံးပိုင်းနဲ့ ထုတ်လွှင့်ခဲ့ တာတွေ့ရပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

"ဖွဲ့စည်းပုံထဲက ဘာတွေကို ပြင်မလဲ?"(Part A)ရဲ့ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ၄ မိနစ်နဲ့ ၂၂ စက္ကန့်မှာ စတင်ဆွေးနွေးခွင့်ရပြီး ၇ မိနစ်နဲ့ ၁၇ စက္ကန့်အထိတစ်ကြိမ်ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးချက်ထဲမှာ ပုဒ်မတွေအကြောင်းပြောတဲ့အပိုင်းအနေနဲ့ ၅ မိနစ် ၃၉ စက္ကန့်မှာ “၂၀၀၈ မှာဘာရှိလဲဆိုတော့ အခန်း ၁၅ ခန်းပါတယ်။အဲဒီအခန်းတိုင်း အခန်းတိုင်း ဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ဟာကို ကျွန်တော်တို့က မစဉ်းစားဘဲနဲ့ ဟိုပုဒ်မဆွဲလိုက် ဒီပုဒ်မဆွဲလိုက်နဲ့ ပြဿနက ဆုံးမှာမဟုတ်ဘူး။ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ပြောတဲ့ ဒီ ဘာခေါ်မလဲ essence ပေါ့နော်။ အနှစ်သာရမပျောက်စေနဲ့။ အဲတော့ ကျွန်တော်လည်း သူနဲ့လည်း စကားပြောခွင့်မရ ပြောလို့လည်းမရ ပြောရင်လည်း သူကလည်း ကြားမှာမဟုတ်ဆိုတော့ ဘာပြောလဲဆိုတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော် နားလည်တာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ အနှစ်သာရဆိုတာ ပုဒ်မ ၆(က)၊(ခ)၊(ဂ)၊(ဃ)၊(င)၊(စ)။ (က)၊(ခ)၊(ဂ)ဘာလဲ ဒို့တာဝန်အရေးသုံးပါး၊ နောက်ပြီးတော့ ဘာပါလဲ လောကပါလတရားသုံးပါး၊ နောက်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ”စသည်ဖြင့်ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ၉မိနစ် ၅၂ စက္ကန့်ကနေ ၁၂ မိနစ် ၅ စက္ကန့်အထိ ဆွေးနွေးခဲ့ပြီး အခုလို ပြောကြားချက်မျိုးမပါ ဝင်ပါဘူး။

အဲဒီနောက် "ဖွဲ့စည်းပုံထဲက ဘာတွေကို ပြင်မလဲ?"(Part B) မှာ ၂ မိနစ်နဲ့ ၅ စက္ကန့်ကနေ ၃ မိနစ် ၈ စက္ကန့်အထိ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ဆွေးနွေးခဲ့ပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဟာ လက်နက်ကိုင်တွေ ရှိနေတဲ့ နိုင်ငံမှာ တပ်မတော်နိုင်ငံရေးကထွက်လို့မရကြောင်းအဓိက ပြောခဲ့ပါတယ်။

အဲဒီနောက် ၁၀မိနစ် ၄၉ စက္ကန့်ကနေ ၁၃ မိနစ် ၃၀ စက္ကန့်ကနေအထိ ဆွေးနွေးရာမှာလည်း တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေးနဲ့သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ အကြောင်းဇောင်းပေးဆွေးနွေးခဲ့တာတွေ့ရပါတယ်။

နောက်ဆုံးပိုင်းဖြစ်တဲ့ "ဖွဲ့စည်းပုံထဲက ဘာတွေကို ပြင်မလဲ?"(Part C) ရဲ့ အစီအစဉ်ရဲ့ ၇ မိနစ် ၉ စက္ကန့်ကနေ ၉ မိနစ်စက္ကန် ၁၂ စက္ကန့်အထိဆွေးနွေးရာမှာလည်း ဖွဲ့စည်းပုံပြင်လိုက်လို့ နိုင်ငံကြီးတိုးတက်ကြီးပွားသွားမှာ မဟုတ်ဘူးဆိုတဲ့ ရှု့ထောင်ကို အဓိက ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် မေးခွန်းမေးမြန်းသူတွေကို ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုပို့စ်မှာပါသလို ပုဒ်မတွေ စပ်ဆက်ပြီး ဘာပြင်ရင် ဘာဖြစ်မယ်လို့ ပြောကြားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ပြောဆိုထားဟန်နဲ့ ရေးသားမျှဝေမှုတွေဟာ အတုအယောင်လုပ်ရေးသားမျှဝေခြင်းဖြစ်ပါတယ်။

Avatar

Title:DVB ဆွေးနွေးခန်းတစ်ခုမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန် ပြောကြား ချက်ကို ပုံမှားရိုက်ပြီး သတင်းတုဖြန့်

Fact Check By: Nayar Maung

Result: False