အစ္စရေးရဲ့ ဒီမိုနာ(Dimona) နျူး ကလီးယား ဓာတ်ပေါင်းဖိုတိုက်ခိုက်မယ့် အစီအစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်လုံးထွက်ပြပြီး အနီးကပ်ကွပ်ကဲနေတဲ့ အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ(Mojtaba Khamenei)လို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုဟာ AI နဲ့ပြုလုပ်ထားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
မြန်မာဘာသာနဲ့ ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“အီရန်က မိုတာဘက်ချ်ခါမေနီ၏ video ကို ပထမဆုံးထုတ်ပြန်။ စစ်ဆင်ရေးခန်းမအတွင်း ဝင်ရောက်လာပုံဖြစ်ပြီး နံရံတွင်ဖော်ပြထားသော မြေပုံသည် အစ္စရေးနူကလီးယားဓာတ်ပေါင်းဖိုဖြစ်သည်။”

အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပါ မြင်ကွင်းတွေကို ဂရုစိုက်ကြည့်မယ်ဆိုရင် ဗွီဒီယိုဟာ အလင်းအမှောင်ဟာ သဘာဝမဆန်တာ၊ ရုတ်တရက်ဝါးသွားတာတွေ၊ မထင်ရှားတာတွေ တွေ့ရပါတယ်။ ဒီအချက်ဟာ ဉာဏ်ရည်တု နည်းပညာ အသုံးပြုပြီး ဗွီဒီယိုဖန်တီးနိုင်တဲ့ ပလက်ဖောင်းတွေရဲ့ လက်ရှိအချိန်အထိ အားနည်းနေသေးတဲ့ အစိတ်အပိုင်း ပဲဖြစ်တယ်။

မတ်လထဲမှာ ရွေးချယ်ခံရပြီးကတည်းက ရုပ်လုံးထွက်ပြလာခြင်းမရှိသေးတဲ့ အီရန်ခေါင်းဆောင် သစ်ဟာ အစ္စရေးရဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုကို တိုက်ခိုက်မယ့် အစီအစဉ်မှာ ကွပ်ကဲဖို့လာရောက်တဲ့ မြင်ကွင်းဟာ အင်္ဂလိပ်ဘာသာနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအပါအဝင် တခြားသာသာနဲ့ လူမှုကွန်ယက်အသုံးပြုသူ တွေကြားမှာလည်း ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံတကာ သတင်းဌာနတွေအကြားမှာ ဒီဗွီဒီယိုကို အကြောင်းပြုပြီး သတင်းဖော်ပြချက် မတွေ့ရပါဘူး။ ဒီအပြင် အစ္စလာမ္မစ်သမ္မတနိုင်ငံ သတင်းဌာန (IRNA)၊ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ရုပ်သံထုတ်လွှင့်မှု (IRIB) ၊ Tasnim သတင်းဌာနလို အီရန်နိုင်ငံပိုင် သတင်းဌာနတွေမှာလည်း ဒီဗွီဒီယိုကို ဖော်ပြချက်မတွေ့ရပါဘူး။
ဘီဘီစီ(BBC)သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးသူ သတင်းထောက် ရှာယန် ဆာဒါရီဇာဒက်(Shayan Sardarizadeh)နဲ့ ပါရှန်းဘာသာနဲ့ အချက်အလက်စစ်ဆေးသူ ဂန်ရှီ ဟာဘီဘက်ဇ်(Ghoncheh Habibiazad)တို့ရဲ့ မှတ်ချက်ကို ကိုးကားပြီး နောက်ထပ် လူမှုကွန်ယက်တခုဖြစ်တဲ့ ပလက်ဖောင်းတခုဖြစ်တဲ့ X မှာတော့ ဒီဗွီဒီယိုဟာ ဉာဏ်ရည် တုနည်းပညာကို အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တယ်လို့ ဖော်ပြထားတယ်။
အောက်ပါကတော့ ပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေရဲ့ အောက်ခြေမှာ X မှာ Grok AI က ရေးသားထားတဲ့ မှတ်ချက်ဖြစ်တယ်။
“ဗွီဒီယိုကို AI ဖြင့် ဖန်တီးထားပြီး တရားဝင်အကောင့်များ သို့မဟုတ် အီရန်မီဒီယာများမှ ထုတ်ဝေခြင်း မရှိပါ။”

သုံးသပ်ချက်
အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ(Mojtaba Khamenei)ဟာ အစ္စရေးရဲ့ ဒီမိုနာ(Dimona) နျူး ကလီးယား ဓာတ်ပေါင်းဖိုတိုက်ခိုက်မယ့် ကိစ္စကို အနီးကပ်ကွပ်ကဲနေတဲ့ ဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာနဲ့ ဗွီဒီယိုတွေ ထုတ်လုပ်နိုင်တဲ့ ပလက်ဖောင်းတခုကို အသုံးပြုပြီး ပြုလုပ်ထားတာတွေ့ရပြီး တကယ်အဖြစ်အပျက် တခုမဟုတ်ပါဘူး။

