
သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်က ဂျပန်ရတနာသိုက်တွေ့ရှိတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ သံဖြူဇရပ် မိန်ဗလာတောင်မှာ တွေ့ရတဲ့ ရတနာသိုက်က ရွှေချောင်းတွေ အဖြစ်ဓာတ်ပုံ ၆ ပုံနှင့်အတူ လှိုင်ခေါင်းထဲ ဝင်ရောက်နေပုံနဲ့ ကုမ္ပဏီတစ်ခုက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပုံတွေပါဝင်ပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ တူရကီနဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေထားတာတွေ့ရပြီး သံဖြူဇရပ်မှာ အခုလိုရွှေချောင်းတွေ တွေ့ရ တယ်ဆိုတာ မဟုတ်ဘူးလို့ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။
“သံဖြူဇရပ် မိန်ဗလာတောင်က ဂျပန်ရတာနာသိုက်ရှာဖွေတွေ့ရှိ
==================================================
ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုနဲ့မွန်ပြည်သစ်
ပါတီ ပြည်နယ်အစိုးရတို့ရှာဖွေနေတဲ့
ဂျပန် ရတနာသိုက်မှ ရွှေချောင်းတွေ ယခုလက်ရှိ
ကားတစ်စီးစာတွေ့ရှိပါသည်
မူလက စျေးရောင်းသောအမျိုးသမီးမျက်မြင်
အရ တစ်နေ့ကိုကားအစီး ၂၀ ခန့်မောင်းထည့်
ထားကြောင်းသိရပါသည် ခန့်မှန်းချက်အရ ရွှေချောင်းများ ကားအစီး
၁၀၀ ခန့်တွေ့ရှိနိုင်ကြောင်းသိရပါသည်။
မြင့်ဦးမြင်းခြံ
==========
လက်ရှိတာဝန်ရှိ လူကြီးမင်းများပြည်နယ်အစိုးရအမတ်မင်းများ အလေးထား ဆောင်ရွက်စေချင်ပါတယ် နိုင်ငံတော် သမ္မတ ကြီးထံအမြန်ဆုံးတင်ပြဖို့ အကြံပြု တင်ပြအပ်ပါသည်..။”လို့ ရေးသားပြီး “Myo Hlaing Bwa”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မိန်ဗလာတောင်က တူးဖော်ရရှိတဲ့ ရတနာတွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံအပြန်အလှန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အဖြူအမည်းနဲ့ ရွှေချောင်းတွေ အများကြီး ပုံထားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်က ဒီဇင်ဘာ ၂၈ ရက်က တူရကီနိုင်ငံက Kemer မြို့အလွန်က တောတစ်ခုထဲမှာ တွေ့ရတဲ့ ထုံကျောက်ကို ရွှေရောင်သုတ်ထားတဲ့ ရွှေချောင်းအတု တွေဖြစ်ပါတယ်။ တရားမဝင်တူးဖော်ရရှိခဲ့တဲ့ ရွှေချောင်းတွေလို့ လှည့်စားပြီးခဲ့ပြီး အရောင်း အဝယ်လုပ်ဖို့ ဝယ်လက်ရှာဖွေစဉ်မှာ ရဲချုပ်ဟောင်းတစ်ဦးပါဒီဖြစ်စဉ်ထဲမှာပါဝင်နေပြီး ဆက်စပ်နေသူ လေးဦး လည်း ဒီဖြစ်စဉ်မှာ အဖမ်းခံခဲ့ရတယ်လို့ အဲဒီအချိန်က သတင်းတွေမှာဖော်ပြပါတယ်။

မူရင်းလင်ခ့် – Superhaber.tv | Archive link
“Burma”တံဆိပ်နဲ့ရွှေချောင်းပုံနဲ့ ကြွင်းနက်တစ်ခုထဲကို လူတွေ ဆင်းနေတဲ့ပုံဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် treasurenet.com ဆိုတဲ့ အွန်လိုင်းဖိုရမ်တစ်မှာ Viking83 အမည်နဲ့အသုံးပြုသူက အွန်လိုင်းမှာ ဝင်ရောက်ဆွေးနွေး ထားစဉ်က ပုံတွေဖြစ်တာတွေ့ရပါတယ်။ ၈၆ ပေအနက်က လှိုင်တစ်ခုထဲမှာ ဂျပန်စကားလုံးနဲ့ မှတ်သားထားတဲ့ စာတွေ တွေ့တယ်လို့ ရေးသားထားရာမှာ အခြားသူတွေနဲ့ အပြန်အလှန်ဆွေးနွေးပြီးနောက် Robert Curtis အမည်နဲ့စာရေးဆရာရေးတဲ့ စာအုပ်တစ်ကို ညွှန်းဆိုခဲ့ရင် မယုံသေးတဲ့သူတွေတွက်ဆိုပြီးတော့ “Burma 1932”တံဆိပ်ပါတဲ့ ရွှေချောင်းပုံဓာတ်ပုံတွေကို မျှဝေခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Treasurenet.com | Archive link
ဒီလိုလူမှုကွန်ယက်မှာ မျှဝေနေတဲ့ ပို့စ်တွေဟာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး နှစ်စဉ်ပြန် လည်မျှဝေနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ မြန်မာပြည်တွင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်တွေ ကို ကိုးကားပြီး ထိုအချိန်က ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ သတင်းဌာနတွေမှာ အထူးတလဲ ဖော်ပြခဲ့ကြတာ လည်းတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း လေ့လာနိုင်ပါတယ်။
အထူးသဖြင့် ဒီပို့စ်ဟာ ၂၀၁၈ ခုနှစ်က royal eagle myanmar development group အမည်ရ ကုမ္ပဏီတစ်ခုကို မိန်ဗလာတောင်မှာ ရတနာသိုက်တူးဖော်ရေး ကနဦးစူးစမ်းလေ့လာရန် ပြည်နယ်အစိုးရက ခွင့်ပြုလိုက်တယ်ဆိုတဲ့ အငြင်းပွားဖွယ်သတင်းတစ်တစ်ခုအပြီးမှာ စတင်ပျံ့နှံ့လာတာဖြစ်ပါတယ်။ သံဖြူဇရပ်မြို့ မိန်ဗလာတောင်တွင် ကုမ္ပဏီတစ်ခုအား ကနဦးစူးစမ်းလေ့လာခွင့်ပြုခဲ့တဲ့ သတင်းကို 7day သတင်းဌာနမှာ ၂၀၁၈ ခုနှစ် မေ ၁၆ ရက်က ဖော်ပြထားတာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။ တကယ်တော့ ဒီကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် ဇွန်ထဲမှာပဲ လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကို Fact Crescendo Myanmar ကအခုလို လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ ပတ်သက်ပြီး ဆက်သွယ်အတည်ပြုခဲ့ရာမှာ ၈ မိနစ်ဝန်းကျင်ကြာ ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ပြောကြားချက်များထဲက ကောက်နှုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ဖွနေတာပါ။ ဘာရွှေမှမရှိဘူး။ ဂျပန်လည်း အဲလောက်မတုံးဘူး။ ပြန်ပြန့်တယ်ဆိုတာ ပြန်ဖွနေတာ။ အဲဒီ ကုမ္ပဏီ ဟာလာကတည်းကိုက မရိုးသားတာ။ အများပိုင်ကုမ္ပဏီတွေ ထောင်လာကြတာ။ ရေတွင်းလက်လှည့် တူတဲ့ ကုမ္ပဏီ။ အစုရှယ်ယာနဲ့တင်လုပ်ထားတာ သိန်း တစ်သောင်းကျော်တယ်။ အများပိုင်ရှယ်ယာတင် သိန်း တစ်သောင်းလောက်ကိုင်းထားပြီးတော့မှ ရေတွင်းတစ်တွင်းတူးတာ နှစ်သိန်းလောက်ကျရင် သိန်း ၂၀၀ လောက်ပြလို့ ဘယ်သူမှ သိပ်မသုံးဘူး။ ခိုင်ခိုင်မာမာဘာမှမရှိဘဲနဲ့ မြေပုံပဲရထားသလိုလို သတင်းတွေ လွှင့်ပြီး တူတာ။ အခုနောက်ဆုံးဖြစ်သွားတဲ့ ကုမ္ပဏီဆိုရင် ဘာယန္တရားမှတောင်မရှိဘူး။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီး တူသလိုလို နောက်ဆုံး အကုန်လုံးပြန်ပိတ်ပြီးတော့ မောင်းထုတ်ခံထိတော့မှ ဘာလာပြောလဲဆိုရင် ဦးဉာဏ်ဟိန်း ကိုတောင်လာပြောတယ်။ သူတို့တွေ့ပြီးတဲ့ ရထားခေါင်းတွဲကြီး။ ရထားတွဲကြီးရဲ့ခေါင်မိုးတောင်မှ ကျောက်ခဲ့ ကျရင် တတောင်တောင်နဲ့ မြည်တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင်လေးရိုက်ပြီးတော့ လာပြတာ။ ကျောက်ခဲကျောက်ခဲ ချင်းထိလည်း မည်တာပေါ့။ ဒေသခံတွေ ဘယ်သူမှ မသိဘဲနဲ့ သူက အစိုးရအဖွဲ့ကပဲ ခွင့်ပြုသလိုလိုနဲ့ မကျေနပ် အစိုးရအဖွဲ့ကိုမေး အဲဒီပုံစံချိုးလို့ ဦးဉာဏ် စာနဲ့ပေနဲ့ ပြည်နယ်လွှတ်တော်က တစ်ဆင့် အလုပ်လုပ်ခဲ့တာ။ ရွှေတုံးကြီးမှာ Burma လို့ရေးထားတာက မင်းမင်းခိုင်ဆိုတဲ့ကောင်လေး နောက်ပြီးတော့ တင်ထားတာ မင်းဗလာတောင်မှာ ရွှေတွေ့ပြီး ဘာညာဆိုပြီးတော့ စိတ်ဆိုးလို့”
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သံဖြူဇရပ် မိန်ဗလာတောင်က ဂျပန်ခေတ် ရတနာသိုက်ကနေ ရွှေချောင်းတွေ တွေ့တယ်ဆိုတာ မဟုတ်ပါဘူး။မျှဝေထားတဲ့တွေဟာလည်း အွန်လိုင်းမှာ နှစ်ပေါင်းအတော်ကြာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

Title:သံဖြူဇရပ် မိန်ဗလာတောင်က ရတနာသိုက်က ရှာဖွေတွေ့ရှိတဲ့ ရတနာတွေလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False