အစိုးရသစ်မတက်ခင် စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ မတ် ၅ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်ရရှိထားတယ်။
“စစ်မှူထမ်း ဥပဒေ ရုတ်သိမ်းလိုက်ပြီ အစိုးရသစ်မစခင် ပြည်သူ့ စစ်မှုထမ်း ဥပဒေ ရုတ်ဖို့ မင်းအောင်လှိုင် ကြေညာ ၊ အကွက်ရွေ့နေပြီ”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ပြောကြားချက်မှာ ၄င်းပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖျက်သိမ်းကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရ လောက်တဲ့ သတင်းအရင်း အမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ စစ်တပ်ထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း ဖော်ပြလေ့ရှိပေမဲ့ ဒီမီဒီယာတွေမှာ ဖော်ပြချက်လည်း မရှိပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ ပြုလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ
ဒီအပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ Western News ကဖော်ပြခဲ့တဲ့ “တိုက်ပွဲများ ပြင်းထန်နေသော ကျောက်ဖြူတွင် စစ်ကောင်စီတပ်သား ၃၅ဦး AA ထံ အလင်းဝင်”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားသလို လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ဗန်းမော်နဲ့ ဝိုင်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်နေဟု KIAပြော”ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
ဗွီဒီယို ဖြန့်ချိထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ့ရတယ်။ စစ်မှုထမ်းဥပဒေ ပြန်လည် ရုပ်သိမ်းလိုက်ပြီဆိုတာ မဟုတ်သလို စစ်ခေါင်းဆောင်က ဒီလို ကြေညာခဲ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။
Title:Fact Check: စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင် ကြေညာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

