လေဖြတ်လူနာကို လက်ထိပ်မှာ အပ်နဲ့ သွေးထွက်အောင်ဖောက်ပေးပြီး အိမ်မှာပဲ ကုသနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ရုတ်တရက် လေဖြတ်သွားတဲ့ လူနာကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။ လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။ သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။ အိမ်မှာ အေးထိုးအပ်ရှိရင် ပိုကောင်း ပါတယ်။ လက်ချုပ်အပ်ဆိုရင်လည်း သုံးလို့အဆင်ပြေပါတယ်။
အပ်ကိုပိုးသတ်တဲ့အနေနဲ့ စက္ကန့်အနည်းငယ်ကြာ မီးကင်ပါ။ ထို့နောက် လူနာရဲ့ လက်ချောင်းထိပ်တွေကို အပ်နဲ့ ထိုးဖောက်ပါ။ဒီလိုကုသရာမှာ အတွေ့အကြုံရှိဖို့မလိုပါဘူး။ လက်ချောင်းထိပ်ကနေ သွေးထွက်အောင် ဖောက်တတ်ရင်ရပါပြီ။လက်ချောင်းဆယ်ချောင်းလုံးကနေ သွေးတွေထွက်လာပြီဆိုရင် မိနစ်အနည်းငယ်ကြာသည်အထိ စောင့်ကြည့်လိုက်ပါ။ လူနာ ပုံမှန်အခြေအနေပြန်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။အကယ်၍ လူနာပါးစပ်ရွဲ့သွားတာ ပုံမှန်ပြန်မဖြစ်သေးဘူးဆိုရင် လူနာရဲ့ နားရွက်နှစ်ဖက်လုံးကို နီရဲလာအောင် ပွတ်ချေပေးပါ။ နီရဲလာပြီဆိုရင် နားနှစ်ဖက်လုံးကို အပ်နဲ့ထိုးဖောက်ပြီး သွေးနှစ်စက်လောက် ထွက်လာတဲ့အထိ စောင့်ကြည့်ပါ။ လူနာရဲ့ပါးစပ်က ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။လူနာပုံမှန်ဖြစ်သွားတဲ့ အခြေအနေထိစောင့်ကြည့်ပြီး စိတ်ချရရင် ဆေးရုံပို့ဖို့ စီစဉ်ပါ။ဤနည်းလမ်းသည် တရုတ်တိုင်းရင်းဆေးပညာနည်းလမ်းဖြစ်ပြီး လက်တွေ့အသုံးချဖူးသူများကလည်း ၁၀၀% အကျိုးသက်ရောက်မှုရှိကြောင်း ထောက်ခံပေးထားပါတယ်။”

အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီပြောဆိုမျှဝေချက်ဟာ ၂၀၀၆ ခုနှစ်ဝန်းကျင်ကတည်းက အင်တာနက်မှာ စတင်ပျံ့နှံ့ခဲ့တာတွေ့ရ ပြီး နယူးယောက်တိုင်းမ်သတင်းစာက အန္တရာယ်ရှိတဲ့ ဖြန့်ဝေမှုအဖြစ် သုံးသပ်ခဲ့တာတွေ့ရပါတယ်။
နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းတဲ့အချက်အလက်ဖြစ်တာကို AFP က ၂၀၁၉ ခုနှစ်ကတည်းက အချက်အလက် စိစစ်ဖော်ပြခဲ့ရာမှာ လိုင်စင်ရတရုတ်ဆေးဝါးကျွမ်းကျင်သူ Wendy Wong ကဒီလို လက်ထိပ်ကို အပ်နဲ့ ဖောက်တာက လေဖြတ် လူနာကို အဓိက ကုသတဲ့ ကုထုံးမဟုတ်ဘဲ တရုတ်တိုင်းရင်းရိုးရာဆေးရုံးတွေမှာလည်း အနောက်တိုင်း ဆေးပညာနဲ့ သတ်မှတ်ချက်အတိုင်း ကုသမှုခံယူနေစဉ်မှာ တရုတ်ရိုးရာ အခုလို အပ်စိုက် ကျွမ်းကျင်သူက ဆေးရုံမှာ လူနာကို ထပ်မံပြီး ကုသပေးတဲ့ ကုထုံးတခုသာဖြစ်လို့ ဖြေကြားထားတာတွေ့ရတယ်။

တခြားသော ဂုဏ်သိက္ခာရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေက လေဖြတ်လူနာ ရှေ့ဦးသူနာပြုစုနည်းမှာလည်း ဒီလိုမျိုး လက်ထိပ်ကို သွေးထွက်အောင်အပ်နဲ့ ဖောက်ပေးဆိုတာမျိုး မတွေ့ရဘဲ အချိန်က အရေးကြီးတာကြောင့် အရေးပေါ်ဆေးရုံပို့ပြီး ကုသဖို့ အကြံပြုပါတယ်။ အဓိကအားဖြင့် လူတယောက် လေဖြတ်နေတာကို သူ့ရဲ့ တုန့်ပြန်မှုတွေဖြစ်တဲ့ ပြုံးပြခိုင်းလို့ မရတာ၊ လက်မမြှောက်နိုင်တာ၊ စကားမပြောနိုင်တာစတာတွေနဲ့ တိုင်းတာနိုင်ပြီး ဒီထဲက တခုခုဖြစ်နေပြီဆိုရင် အရေးပေါ် ဆေးရုံပို့ဆောင်ဖို့ လိုအပ်ပါတယ်။

လေဖြတ်လူနာတွေကို အနောက်တိုင်းဆေးပညာနဲ့ ကုသနေစဉ်မှာ ဖြည့်စွက်ကုသမှုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ အခုလို လက်ထိပ်အပ်နဲ့ ဖောက်ပြီး ကုသတဲ့ နည်းလမ်းနဲ့ တရုတ်မှာ စမ်းသပ်မှု သုတေသနတခုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ စမ်းသပ်မှုဟာ လေဖြတ်လူနာ ပြန်လည်နာလန်ထူချိန်မှာ အထူးသဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်အတွက် အသုံးပြုတာဖြစ်ပါတယ်။ ဒီလေ့လာချက်နဲ့ ပတ်သက်ပြီး သုတေသနရလာဒ်ထုတ်ပြန်တာမရှိဘဲ အခု လူမှုကွန်ယက်ပို့စ်မှာပါသလို ၁၀၀ ရာခိုင်နှုန်းကောင်းမွန်တဲ့ ရလာဒ်ရရှိခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။
သုံးသပ်ချက်
လေဖြတ်လူနာကို လက်ထိပ်မှာ အပ်နဲ့ သွေးထွက်အောင်ဖောက်ပေးပြီး အိမ်မှာပဲ ကုသနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ အနောက်တိုင်းဆေးပညာနည်းလမ်းတွေနဲ့ ကုသနေစဉ်မှာပဲ လက်ထိပ်အပ်နဲ့ ဖောက်ပြီး ကုသတဲ့ နည်းလမ်းနဲ့ တရုတ်ရိုးရာဆေးရုံးတွေမှာ စမ်းသပ်မှုကုသမှုတွေရှိပေမဲ့ ဒီနည်းလမ်းဟာ အဓိက ကုသမှုနည်းလမ်း အဖြစ် မတွေ့ရ သလို ရှေ့ဦးသူနာပြုစုနည်းအဖြစ်လည်း မတွေ့ရပါဘူး။ လူတယောက် လေဖြတ်တာ သံသယဖြစ်ပေါ်က အမြန်ဆုံးဆေးရုံကို ပို့ဆောင် ကုသမှုလိုအပ်ပါတယ်။

Title:Fact Check: လေဖြတ်တာကို လက်ထိပ်အပ်နဲ့ဖောက်ပြီး ကုသနိုင်သလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: False