
မြန်မာနိုင်ငံက နာမည်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့အမည်ကို ဆင်တူယိုးမှားအသုံးပြုပြီး အွန်လိုင်းကနေ ငွေချေးနိုင်တယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါင်းများရှိနေပါတယ်။ ပိုက်ဆံ အမှန်တကယ် လိုအပ်နေတဲ့ မသိနားမလည်သူတွေကို ပစ်မှတ်ထားပြီးလိမ်လည်လှည့်ဖြားနေတဲ့စာမျက်နှာတွေဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ချေးငွေလုပ်ငန်းအယောင်ဆောင်စာမျက်နှာတစ်ခုက ဖော်ပြထားတဲ့စာသား တွေပဲဖြစ်ပါတယ်။ ဒီစာသားတွေနဲ့အတူ ကျပ် ၁၀၀၀၀ တန်တွေ အထုပ်လိုက်တင်ထားတဲ့ ခုံရှည်တစ်ခုရှေ့မှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးယောက်ရပ်နေတဲ့ပုံကိုလည်းပါဝင်ပါတယ်။
“မင်္ဂလာပါရှင့် 🙏🙏
မြစိမ်းရောင်ချေးငွေလုပ်ငန်း မှ လူကြီးမင်းတို့ လုပ်ငန်းအတွက်လိုအပ်တဲ့ချေးငွေကိုလျောက်ထားနိုင်ပါပြီရှင်
နေ့စဉ် နံနက် (7:30) မိနစ် မှ ညနေ (6:30) မိနစ်အထိရုံးဖွင့်လှစ်ထားပါတယ်
(အတိုးငွေမှာ (1) ks တိုးနှုန်းဖြစ်ပါတယ်)
(5)သိန်းကျပ် မှစတင်၍ ကျပ်သိန်း(500)ထိ ချေးငွေထုတ်ယူနိုင်ပါသည်
(လစဉ်ပုံမှန်သာအတိုးကိုပေးဆောင်ရပါမည်)
(ချေးငွေလျောက်ထားရန် အချက်လက် ဘာတွေလိုမလည်း)
1=အမည် နေရပ်လိပ်စာ အလုပ်အကိုင်
2=မှတ်ပုံတင်/ရှေ့/နောက်/နှစ်ပုံ
3=အိမ်ထောင်စုစရင်း ရှေ့/နောက် နှစ်ပုံ
4=အမြဲကိုင်ဆောင်သော ဖုန်းနံပါတ်
5=ငွေချေးမည့်သူ၏ဓာတ်ပုံနှစ်ပုံ
အသေးစိတ်သိရှိနိုင်ရန် Page Messenger မှာအသေးစိပ်ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်
(အခုလိုချေးယူသူများကိုလဲအထူးကျေးဇူးတင်ရှိပါသည်)”
မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ဓာတ်ပုံကိုပဲ အောင်သမာဓိချေးငွေလုပ်ငန်း၊ဇွဲထက်ချေးငွေလုပ်ငန်း၊မဟာဘောဂချေးငွေလုပ်ငန်း ဆိုပြီးတော့လည်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်မယ်ဆိုရင် ကျပ် ၁၀၀၀၀ တန်တွေ အထုပ်လိုက်တင်ထားတဲ့ ခုံရှည်တစ်ခုရှေ့မှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးယောက်ရပ်နေတဲ့ပုံဟာ Excellent Fortune Development Group က CEO ဦးစိုင်းမျိုးဝင်းနဲ့ သူ့ဇနီး ဒေါ်နန်းခင်မြင့်ရီရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီကို ကိုဗစ်-၁၉ ကာကွယ်ရေးဆေးဝယ်ယူရေးလုပ်ငန်း တွေအတွက် တစ်ဘီလီယံကျပ်လှူဒါန်းတဲ့အခမ်းအနားက ဓာတ်ပုံဖြစ်ပါတယ်။
မူရင်းလင်ခ့် – Excellent Fortune Development | Archive link
များသောအားဖြင့် ဒီချေးငွေလုပ်ငန်း အယောင်စာမျက်နှာတွေဟာ အပြင်မှာအမှန်တကယ်လည်ပတ်လျှက်ရှိတဲ့ အမည်နာမတွေကိုအသုံးပြုပြီး အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေကို အသုံးပြုထားပြီး အမှန်တကယ် လုပ်ငန်းတစ်ခုဖြစ်သယောင်ဟန်ပါတယ်။ ဒီလိုဖြန့်ဝေတဲ့နေရာမှာ ပိုက်ဆံအပုံလိုက်ဓာတ်ပုံစုပုံထားတဲ့ ဓာတ်ပုံတွေကို အဓိကအသုံးပြုသလို ဧရာဝတီဘဏ်၊ KBZ ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်စတဲ့ဘဏ်လုပ်ငန်းတွေက ဝန်ထမ်းတွေရဲ့ ဓာတ်ပုံတွေကိုလည်း အသုံးပြုပါတယ်။
ဒီချေးငွေလုပ်ငန်းအယောင်ဆောင်ဖေ့စ်ဘွတ်စာမျက်နှာတွေဟာ များသောအားဖြင့် မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့ ကြပြီး မြေပြင်မှာဆက်သွယ်ရန်လိပ်စာမပါဝင်ဘဲ ဖုန်းနံပါတ်သို့မဟုတ် ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ကနေ တစ်ဆင့်ဆက်သွယ်ခိုင်းတာဖြစ်ပါတယ်။
အမှန်တကယ်ချေးငွေလုပ်ငန်းတွေမှာ ဒီလိုမျိုး အွန်လိုင်းကနေ အလွယ်တကူငွေထုတ်ချေးတာမျိုးမရှိပါဘူး။ ပထမဆုံး ချေးငွေထုတ်ချေးသူဟာ အဖွဲ့လိုက်ဝိုင်းကြီးချုပ်ပုံစံထုတ်ချေး သာမျိုးသာရှိပါတယ်။ အကယ်လို့ တစ်စုံတစ်ယောက်က ပြန်မဆပ်နိုင်ဘူးဆိုရင် ကျန်တဲ့သူတွေက ကြားကနေ ဝင်ပြီး သူ့အစားကျွေးကိုပေးဆပ်ရ မယ်ဆိုတဲ့ ကတိခံဝန်ချက်မျိုးပါ။ ထို့အပြင် အမှန်တကယ်ပြန်လည်ပေးဆပ်နိုင်ခြင်းရှိမရှိကိုလည်း ကုမ္ပဏီတွေက ဆန်းစစ်ပြီးမှသာ ချေးငွေကို ထုတ်ချေးလေ့ရှိပါတယ်။
သုံးသပ်ချက်
မြန်မာနိုင်ငံက နာမည်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့အမည်ကို ဆင်တူယိုးမှားအသုံးပြုပြီး အင်တာနက်မှာပျံ့နှံ့ခဲ့ပြီး ဖြစ်တဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အွန်လိုင်းကနေ ငွေချေးနိုင်တယ်ဆိုပြီး လိမ်လည်ဖို့ကြိုးစားနေတဲ့ လုပ်ငန်း တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမှန်တကယ်ချေးငွေလုပ်ငန်းလုပ်နေသူတွေဟာ အွန်လိုင်းကနေ အချက်အ လက်ပေးပို့ရုံနဲ့ ချေးငွေလျှောက်ထားနိုင်တယ်ဆိုတာမျိုး ကြေညာလေ့မရှိပါဘူး။

Title:Fact Check: ချေးငွေလုပ်ငန်းအယောင်ဆောင်ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တယ်-မယုံပါနဲ့
Fact Check By: Nayar MaungResult: False