Fact Check: လေထုညစ်ညမ်းမှုလျော့ချရေး နှာခေါင်းတပေါက်သာ အသက်ရှူဖို့ NUG အမိန့်ထုတ်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

ကမ္ဘာ့လေထုကို ပိုမိုသန့်စေဖို့အတွက် “အောက်စီဂျင်ချွေတာရေး” အစီအစဉ်အရ နှာခေါင်း တပေါက်ဖြင့်သာ အသက်ရှုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမိန့်ထုတ်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“၁။ အကြမ်းဖက်စစ်ကောင်စီသည် စက်သုံးဆီချွေတာရန်အတွက် မော်တော်ယာဉ်များကို “စုံ/မ” စနစ်ဖြင့် မောင်းနှင်ခိုင်းနေကြောင်း သိရှိရပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီ၏ စီမံကိန်းထက် သာလွနှန် ကောင်းမွန်သော၊ ကမ္ဘာ့လေထုကို ပိုမိုသန့်စစေမည့် “အောက်စီဂျင်ချွေတာရေးနှင့် လေထုညစ်ရေး” အစီအစဉ်ကို ယနေ့မှစ၍ အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။

(က) စုံရက်များတွင် – ပြည်သူများအားလုံး မိမိတို့၏ “ညာဘက်” နှာခေါင်းပေါက် တစ်ဖက်တည်းဖြင့်သာ အသက်ရှုရမည်။ ဘယ်ဘက်နှာခေါင်းပေါက်ကို ဂွမ်း (သို့မဟုတ်) ပလတ်စတာဖြင့် ပိတ်ထားရမည်။ နားပေးမထားရပါ။

(ခ) မရက်များတွင် – ပြည်သူများအားလုံး မိမိတို့၏ “ဘယ်ဘက်” နှာခေါင်းပေါက် တစ်ဖက်တည်းဖြင့်သာ အသက်ရှုရမည်။ ညာဘက် နှာခေါင်းပေါက်ကို အနားပေးထားရမည်။

२။ ဤညွှန်ကြားချက်ကို လိုက်နာခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၅၀% ထိ လျှော့ချနိုင်မည်ဖြစ်ပြီး ကျန်ရှိသော အောက်စီဂျင်များကို နွေဦးတော်လှန်ရေး၏ ရှေ့တန်းတိုက်ပွဲများတွင် ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်မည်ဟု ယုံကြည်သည်။

၄။ အကယ်၍ နှာခေါင်းပေါက် နှစ်ဖက်လုံးဖြင့် ပြိုင်တူရှုကြောင်း စစ်ဆေးတွေ့ရှိပါက “လေထုကို အလဟဿ ဖြုန်းတီးမှု” ဖြင့် တော်လှန်ရေးစည်းကမ်းအရ အရေးယူ ထားမည်။” 

Original link | Archive link

အချက်အလက်စိစစ်ချက်

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဒီလို ကြေညာတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။ ဒီကြေညာချက်အတုနဲ့ ပတ်သက်တဲ့ ဖြန့်ဝေမှုတွေ ကို အဓိက အားဖြင့် စစ်တပ်ဝါဒဖြန့်ချိရေးနဲ့ စစ်တပ်လော်ဘီအကောင့်တွေမှာ အဓိက အားဖြင့် ဖော်ပြခဲ့တယ်လို့ Myanmar Pressphoto Agency ကဖော်ပြတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးက လေကြောင်းက တိုက်ခိုက်ပြီးနောက်မှာ အာရှနိုင်ငံတွေအတွက် အဓိက လောင်စာတင်သွင်းမှုလမ်းကြောင်းဖြစ်တဲ့ အီရန်ကမ်းလွန် ဟောမုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ဒီအကြောင်းပြချက်နဲ့ စစ်ကောင်စီက အိမ်စီးကားတွေကို စုံနဲ့ မ စနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြည်သူတွေကြား ဝေဖန်မှု မြင့်တက်ခဲ့ချိန်မှာပဲ NUG က အခုလို စာထုတ်တယ်လို့ စစ်တပ်ဝါဒဖြန့်ချိသူတွေက အာရုံလွှဲတဲ့အနေနဲ့ လှောင်ပြောင် သရော်လာခြင်းဖြစ်တာတွေ့ရတယ်။ 

အရှေ့အလယ်ပိုင်း အကြပ်အတည်းနဲ့ ပတ်သက်ပြီး NUG အနေနဲ့လည်း ၄င်းတို့ အုပ်ချုပ်စီမံရာ ဒေသမှာ လောင်စာဆီ သယ်ယူပို့‌ဆောင်မှုနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီညွှန်ကြားချက် မှာတော့ ၄င်းတို့ ထိန်းချုပ်နယ်မြေအတွင်းကို ဆီတင်သွင်းလာခြင်းကို ခွင့်ပြုပေမဲ့ ထိန်းချုပ်နယ်မြေက ပြန်ထွက်မယ့်ဆီကိုတော့ ခွင့်ပြုချက်ရမှာသာ ထွက်ခွာခွင့်ပြုမယ်ဆိုပြီးတော့ ပါဝင်တယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ကမ္ဘာ့လေထုကို ပိုမိုသန့်စေရန်နဲ့ အောက်စီဂျင်ချွေတာရေးအစီအစဉ်အရ နှာခေါင်း တဘက်ဖြင့်သာ အသက်ရှုရန် NUG က အမိန့်ထုတ်တယ်ဆိုတာ ထုတ်ပြန်ချက်အတု ဖန်တီးထားခြင်းသာဖြစ်ပြီး စစ်တပ်ဝါဒဖြန့်ချိသူတွေက သရော်ထားခြင်းဖြစ်တာတွေ့ရတယ်။ 

Result Stamp

Title: Fact Check: လေထုညစ်ညမ်းမှုလျော့ချရေး နှာခေါင်းတပေါက်သာ အသက်ရှူဖို့ NUG အမိန့်ထုတ်တဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *