Fact Check: အိန္ဒိယကို တိုက်ခိုက်ဖို့ ပျံတက်စဉ် ပါကစ္စတန်လေယာဉ် ပျက်ကျမှု ဗွီဒီယိုလား-မဟုတ်ပါ 

False နိုင်ငံတကာ၊ | International

ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသဖို့ လေယာဉ် ၂ စင်း အတူယှဉ်ပြိုင် တက်လာရာကနေ တစီးဟာ ချို့ယွင်းမှုဖြစ်ပေါ်ပြီး ပျက်ကျခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီဗွီဒီယိုဟာ စတင်ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဒီဗွီဒီယိုဟာ အနည်းဆုံး ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ပြီဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသရန်အတွက်

‌ေလယာဥ် ၂’စင်း အတူယှဉ်ပြိုင် တက်လာရာကနေ နောက်က တစ်စင်းက ကံဆိုးသွား

ပါတယ် မေလ ၆’ရက်”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါမြင်ကွင်းတချို့ကို အသုံးပြုပြီး ဒီဗွီဒီယိုပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဗွီဒီယိုဟာ နှစ်အနည်းငယ် ကြာမြင်ခဲ့ပြီဖြစ်တာတွေ့ရပါတယ်။ IAF Garud အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အိန္ဒိယလေတပ် MIG-27 လေယာဉ် ပျံတက်စဉ်မှာ ပျက်ကျမှုဆိုပြီး ၂၀၁၇ ခုနှစ်ကတည်း မျှဝေထားတာတွေ့ရပါတယ်။

တွေ့ရတဲ့ အရင်းအမြစ်တွေက တဆင့် အဓိကကျတဲ့ စကားလုံးအချို့ အသုံးပြုပြီးရှာဖွေကြည့်ရာမှာ တူညီတဲ့ ဗွီဒီယိုကို ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်များအတွင်း အိန္ဒိယလေတပ် MIG-27 ပျက်ကျမှုအဖြစ် ရလာဒ်အများအပြားတွေ့ရပြီး ၂၀၁၀ ခုနှစ်က အနောက်ဘင်္ဂလားပြည်နယ် hashimara လေတပ်အခြေစိုက်စခန်းကနေ ပျံတက်စဉ်မှာ ပျက်ကျမှုအဖြစ် ညွှန်းဆိုဖော်ပြမှုလည်းတွေ့ရပါတယ်။ 

ဗွီဒီယိုပါမြင်ကွင်းဓာတ်ပုံတွေနဲ့ အဓိကကျတဲ့ စကားလုံးတွေနဲ့ ထပ်မံ ဒီထက်ပိုပြီး နှစ်ကာလအားဖြင့် စောပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ တူညီတဲ့ ဗွီဒီယိုကို ၂၀၁၃ ခုနှစ် ဇန်နဝါရ ၁၆ ရက်ကတည်းက “Garag22”အမည်နဲ့ ယူကျူ့ချန်နယ် မျှဝေထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုဟာ အွန်လိုင်းမှာ စတင်ပျံ့နှံ့ခဲ့တာ အနည်းဆုံး ဆယ်စုနှစ် တခုကျော်ကြာမြင့်ခဲ့ပြီးဖြစ်ကာ မကြာမီရက်ပိုင်း အတွင်းက အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာမှုနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ဒီအပြင် တိုက်လေယာဉ် ပျက်ကျမှုဟာ ပါကစ္စတန်လေတပ်စခန်းတခုမှာမဟုတ်ဘဲ အိန္ဒိယနိုင်ငံထဲက ဖြစ်စဉ်ဖြစ်တာတွေ့ရပါတယ်။

ပြောဆိုချက်- အိန္ဒိယအပေါ် တိုက်ခိုက်ရေးလုပ်ဖို့ လေယာဉ် ၂ စင်း အတူယှဉ်ပြိုင် တက်လာရာကနေ ပါကစ္စတန် မှာ လေယာဉ်တစီးပျက်ကျခဲ့တဲ့ ဗွီဒီယို

Avatar

Title:Fact Check: အိန္ဒိယကို တိုက်ခိုက်ဖို့ ပျံတက်စဉ် ပါကစ္စတန်လေယာဉ် ပျက်ကျမှု ဗွီဒီယိုလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *