ရန်ကုန်မှာ တရုတ်သံရုံးကို PDF တွေ ဝင်စီးကား မီးရှို့လိုက်ပြီး ဒီဖြစ်စဉ်အတွင်းမှာ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရေးသားပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“တရုတ်သံရုံး PDF တွေ မီးရှို့ပြီ လုံခြုံရဲတပ်ဖွဲ့ (၁၂)ဦး ပွဲချင်းသေဆုံး ရန်ကုန်ရှိ တရုတ်သံရုံး PDF တွေ မီးရှို့၊ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ (၁၂) ဦး ပွဲချင်း သေဆုံး”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံပြောဆိုတာတွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်အရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုပြီး ခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိတာတွေ ပြုလုပ်တဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်မြို့ရှိ တရုတ်သံရုံးအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို အာဏာပိုင်များက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ပေါက်ကွဲသံ အလွန်ကျယ်လောင်ခဲ့ပြီး သံရုံးအနီးရှိ လမ်းအချို့ကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဖြစ်စဉ်အနီးမှာရှိတဲ့ ဒေသခံတွေက ပြောတယ်လို့ ဆိုထားပြီး မီးသတ်နဲ့ လူနာတင်ယာဉ်တွေလည်း တွေ့ရှိရပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေတယ်လို့ သတင်းမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေကမျှ ဖော်ပြထားတာ မတွေ့ရှိဘဲ လုပ်ကြံရေးသားပြောဆိုဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။
ဒါပေမဲ့ ဗွီဒီယိုထဲမှာ နောက်ထပ်ပါဝင်တဲ့အကြောင်းအရာတွေကတော့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာ ဖေဖော်ဝါရီ ၁၂ ရက်က ဖော်ပြခဲ့တဲ့ “တနင်္သာရီ၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့ကို စစ်တပ်က အင်အားအများပြားဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး လမ်းပိုင်းများ ပိတ်ထားရ၊ ကောလင်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား”၊ “နတ်တလင်းမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာ ၂ ခုကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံး၊ ကွက်သစ်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့နေ”စတဲ့ သတင်းတွေ ဖြစ်တယ်။
သုံးသပ်ချက်“Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြပြီးသတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ရောနှောဖြန့်ဝေလေ့ရှိပါတယ်။ ရန်ကုန်မှာ တရုတ်သံရုံးကို PDF တွေ ဝင်စီးကား မီးရှို့လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိဘဲ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်။
Title:Fact Check: ရန်ကုန်မှာ တရုတ်သံရုံး PDF တွေ ဝင်စီးမှု တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

