Fact Check: အမေရိကန်ဖွဲ့စည်းပုံဉပဒေမှာ သမ္မတက ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းထားသလား-မဟုတ်ပါ

False နိုင်ငံတကာ၊ | International

အမေရိကန်မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမည်လို့ ဉပဒေနဲ့ ဘာသာရေးကို ကန့်သတ်ထားတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။

မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဉပဒေ ၅၉(စ)မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင်ခွင့်မရှိဘူးဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ဒီပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ အမေရိကန်ဖွဲ့အစည်းပုံ အခြေခံဉပဒေမှာ သမ္မတအပါအဝင် အစိုးရဝန်ထမ်းဖြစ်ဖို့အတွက် ဘာသာရေးယုံကြည်မှုကို ထုတ်ဖော်ပြောကြား ရန် မလိုအပ်တာတွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုတွေကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို “Kyaw Moe Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၄၀ ရှိပါတယ်။ သို့သော်လည်း ဒီပို့စ်အောက်က မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် မယုံကြည်သူအများအပြားရှိပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အမေရိကန်ဖွဲ့စည်းပုံအခြေခံဉပဒေမှာ ဘာသာရေးလို့ မြန်မာလို အဓိပ္ပာယ်ပြန်ဆိုနိုင်တဲ့ “religion” ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။  ဒီစကားလုံး နှစ်လုံးစလုံးဟာ ဘာသာရေးနဲ့ပတ်သက်ပြီး ကန့်သတ်ချက်မရှိစေရဆိုတဲ့ ပုဒ်မတွေမှာ သုံးစွဲထားတာဖြစ်ပါတယ်။ 

ပထမတစ်လုံးဟာ အခန်း(၄) တတိယအပိုဒ်မှာ ရေးသားထားတဲ့ အထက်လွှတ်တော်အမတ်၊ အောက်လွှတ်တော်အမတ်တွေအပါအဝင် တရားရေးနဲ့ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်မယ့်သူဟာ ဘာသာရေးနဲ့ပတ်သက်ပြီး ဖော်ပြစရာမလိုဘူးဆိုတဲ့ ပြဌာန်းချက်မှာ သုံးစွဲထားတာဖြစ်ပါတယ်။

မူရင်းလင့်ခ် –  Constitutioncenter.org  |  Archive link 

နောက်ထပ်စကားလုံးတစ်လုံးကတော့ အခြေခံဉပဒေကို ပထမဆုံးအကြိမ်ပြင်ဆင်တဲ့ ပြင်ဆင်ချက်မှာဖြစ်ပါ တယ်။ ဒီပြင်ဆင်ချက်မှာ လွှတ်တော်ဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အတားအဆီးဖြစ်စေမယ့် ဉပဒေမျိုးပြဌာန်းခွင့်မရှိဆိုတဲ့ ပြင်ဆင်ချက်မှာ ဒီစကားလုံးကို တွေ့ရတာဖြစ်ပါတယ်။

မူရင်းလင့်ခ် – Whitehouse.gov  |  Archive link

အခြေခံဉပဒေမှာ ပြဌာန်းထားချက်မရှိသည့်တိုင် အမေရိကန်မှာ လက်ရှိသမ္မတဒေါ်နယ်ထရမ့်အပါအဝင် တာဝန် ထမ်းဆောင်ခဲ့တဲ့ သမ္မတတွေဟာ ခရစ်ယာန်ဘာသာဝင်တွေပဲဖြစ်ခဲ့တာတွေ့ရတယ်လို့ pewresearch ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၀ ကရေးသားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “Kyaw Moe Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ အမေရိကန်မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်ဖို့လိုတယ်ဆိုတဲ့အချက်ဟာ အချက်အလက်မှန်ကန်မှု မရှိတာတွေ့ရပါတယ်။

Avatar

Title:အမေရိကန်ဖွဲ့စည်းပုံဉပဒေမှာ သမ္မတက ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းထားသလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *