အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။
“အကြမ်းဖက်အဖြစ် အမေရိကန်က ကြေညာ
အမေရိကန် သံရုံးကို စစ်တပ် ဝင်စီးနေပြီ
တရုတ်နဲ့ပေါင်းပြီး အမေရိကန်ကို ပုန်ကန်တဲ့ စစ်တပ်ကို
အကြမ်းဖက်အဖြစ် အမေရိကန် ကမ္ဘာသိ ကြေညာ”

မူရင်းလင်ခ့် – Original link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ “အမေရိကန်နိုင်ငံက အခွန်နှင့် လှမ်းပြီးဒုက္ခပေးနေဟု စစ်ခေါင်းဆောင်ဆို”၊ ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ “နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်တက်ခဲ့သူ ဆီဟာဆက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိ”၊ “စစ်ကော်မရှင် အတုအယောင် ရွေးကောက်ပွဲသည် ထောင်ချောက်သာဖြစ်”၊ လူထုနွေဦးသတင်းကဖော်ပြခဲ့တဲ့ “ချင်းတော်လှန်ရေးအင်အားစုနှစ်ခုကြားပြဿနာမီဇိုရမ်ခရစ်ယာန်အဖွဲ့အစည်း ကြားဝင်ညှိနှိုင်း” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
“Mandalay Khitthit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ အခုလည်း မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ အမေရိကန်နိုင်ငံက အခွန်နဲ့ လှမ်းပြီးဒုက္ခပေးနေတယ်လို့ မြန်မာစစ်ခေါင်းဆောင် ငြီးတွားတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖော်ပြထားတယ်။
ပြောဆိုချက်- အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီး
Title:Fact Check: အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

