စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းသွားရောက်စစ်ဆေးဖို့နဲ့ ဆန္ဒမဲပေးကြဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းမှုလို့ ဆိုလိုထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပြောကြားချက်ဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“နိုင်ငံသားတစ်ယောက်ဖြစ်နေပြီးတော့ မဲစာရင်း သွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ “အကုသိုလ်”ပဲ။ မဲစာရင်းသွားကြည့်ပြီး မဲသွားပေးရင်တော့ “ကုသိုလ်” ပါပဲ”

မူရင်းလင်ခ့် – Original link | Archive link
တူညီစွာပဲ တစ်တော့(tiktok)မှာလည်း အခုလို မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်
အောက်တိုဘာ ၂၈ ရက်မှာ စတင် ပျံ့နှံ့ခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဗွီဒီယိုမှာ နေ့စွဲအဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်(28-10-2025 ) ဆိုပြီးလည်း ဖော်ပြချက်တွေ့ရပါတယ်။ ဒါပေမဲ့ Google မှာ အဓိကကျတဲ့ စကားလုံးတချို့ အသုံးပြုရှာဖွေရာမှာ ဗွီဒီယိုဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ အမေရိကန်အသံ(VOA) သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဖြေကြားချက်တခုကို ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်တာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်မှာဖော်ပြခဲ့တဲ့ မူလဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

ဥရောပသမဂ္ဂပါလီမန်အပါအဝင် ဒီမိုကရေစီနိုင်ငံတချို့က စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ်ရှုတ်ချထားပါတယ်။ ပြည်တွင်းမှာလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိတာတွေ့ရပါတယ်။
သုံးသပ်ချက်
အရှင်ဆန္ဒာဓိကရဲ့ ဗွီဒီယိုထဲမှာ ပြောကြားချက်ဟာ အစစ်အမှန်ဖြစ်ပေမဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က ပြောကြားချက် ဖြစ်ပြီး စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြန့်ဝေလာခြင်းဟာ နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။
ပြောဆိုချက်- စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်း
Title:Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းနေသလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: Misleading

