Fact Check: ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုပျံ့နှံ့

Misleading လူမှုရေး

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် ထီးတော်မဲ့ ဘုရား ၂ ဆူကြားက အပျက်အစီးများနဲ့ ဖုံးလွှမ်းနေတဲ့ လမ်း ၂ ခုကြားက အဆောက်အဦးတွေကို အမြင့်တနေရာက ရိုက်ကူးထားတဲ့ ဗွီဒီယို တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။  AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခု ဖြစ်ပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

 မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်တယ်။

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်းမှာ ဖေ့စ်ဘွတ်၊ x နဲ့ ယူကျူ့ပလက်ဖောင်းတွေမှာ ဒီဗွီဒီယိုဟာ မြန်မာနိုင်ငံက ငလျင်လှုပ်အပြီး ဗွီဒီယိုအဖြစ်ဖော်ပြနေကြပေမဲ့ အဓိက ထိခိုက်ခံစားရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ဒီလို ပုဂံခေတ်ပုံစံ ဘုရားတွေ မရှိတာတွေ့ရသလို ဒီမြင်ကွင်းနောက်ခံမျိုးလည်းမရှိပါဘူး။ 

ဒီလိုပဲ ဒီဗွီဒီယိုကို မြန်မာဘာသာနဲ့ သတင်းဌာနတွေက ကိုးကားဖော်ပြ သုံးစွဲတာလည်း မတွေ့ရပါဘူး။

ဒီအပြင် ဗွီဒီယိုဟာ AI အသုံးပြုဖန်တီးထားတဲ့ အချက်အလက်အချို့လည်း ပါဝင်နေတာထင်ရှားပါတယ်။ ဗွီဒီယိုရဲ့ ရှည်လျားမှုဟာ ၆ စက္ကန့်ဝန်းကျင်သာရှိပြီး ဒီစက္ကန့်အပိုင်းအခြားဟာ AI ပလက်ဖောင်းတွေကို အဓိက ခွင့်ပြုတဲ့ အချိန်နဲ့ ကိုက်ညီပါတယ်။ 

ဒီအပြင် ငလျင်ကြောင့် ပျက်စီးမှုအဖြစ်ဖော်ပြရာမှာ အသေးစိတ်မပါဝင်တာတွေ့ရပြီး လူ ၂ ယောက်က ပုံစံ အရောင်တူဖြစ်နေသလို သွားလာနေတဲ့ ကားတွေကလည်း အရောင်တူ ပုံစံတူနေတာတွေ့ရပါတယ်။ အထူးသဖြင့် ကားတွေရဲ့ ပုံစံဟာ မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ ပုံစံနဲ့ ကင်းကွာပါတယ်။ 

နောက်တခုကတော့ မပျက်စီးဘဲ ကျန်ခဲ့တဲ့ အဆောက်အဦးတွေရဲ့ ခေါင်မိုးတွေဟာ ကျိုးပဲပျက်စီးနေတဲ့ အရာတွေနဲ့ ပြည့်နေပေမဲ့ အောက်ခြေတွေမှာ တစုံတရာ ပျက်စီးမှုကို ဖော်ပြနေတာမတွေ့ရပါဘူး။ ဒီအပြင် မြန်မာနိုင်ငံ မြို့ပြတွေမှာတွေ့ရလေ့ရှိတဲ့ လမ်းမဘေ လျှပ်စစ်ကြိုးသွယ်တန်းမှုနဲ့ လျှပ်စစ်တိုင်လိုမျိုး ထင်ရှားတဲ့အရာတွေကိုလည်း ဒီ AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုထဲမှာ တွေ့မြင်ရခြင်းမရှိ တာတွေ့ရပါတယ်။

သုံးသပ်ချက်

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ်‌ဖော်ပြထားတဲ့ ဗွီဒီယိုဟာ AI နဲ့ဖန်တီးထားတဲ့ မြင်ကွင်းတွေဖြစ်တာတွေ့ရပြီး မန္တလေးမှာ အပြင်မှာ အမှန်တကယ်မြင်ရတဲ့ မြင်ကွင်း မဟုတ်တာတွေ့ရပါတယ်။ 

ပြောဆိုချက်- ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေ

Avatar

Title:Fact Check: ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုပျံ့နှံ့

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *