
တူရကီနိုင်ငံမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်မှု မြင်ကွင်း ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားတခုဖြစ်ပြီး ဗွီဒီယိုဟာ ဧပြီ ၂၄ ရက် တူရကီငလျင်မတိုင်ခင်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။
ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အထပ်မြင့်အဆောက်အဦးတွေနဲ့ လမ်းပေါ်မှာ လူတွပြေးလွှားနေကြတဲ့မြင်ကွင်း၊ အထပ်မြင့်တိုက်တလုံး ပြိုကျပျက်စီးသွားတဲ့ မြင်ကွင်းနဲ့ လူတွေယိုင်ထိုးနေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၆ သိန်းကျော်ရှိထားပြီး ပြန်လည်မျှဝေမှုပေါင်း ၂၀၀၀ ကျော်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။
“တူရကီမှာ 6.4. အဆင့်ရှိတဲ့ ငလျင် လှုပ်သွားသည် မြင်ကွင်း”
အချက်အလက်စိစစ်ချက်
၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်မှာ တူရကီနိုင်ငံမှာ အစ္စတန်ဘူလ်မြို့အနီးမှာ ပြင်းအား ၆ ဒဿမ ၂ ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ)။ ဒါပေမဲ့ အခုလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပါမြင်ကွင်းတွေကို ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က လှုပ်ခတ်ခဲ့တဲ့ တူရကီငလျင် မတိုင်ခင်ကတည်း အွန်လိုင်းမှာ တွေ့ရပါတယ်။
Google မှာ ပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုကို လေ့လာကြည့်ရာမှာ မတူညီတဲ့ အဖြစ်အပျက် အစိတ်အပိုင်း ၂ ခု အနည်းဆုံးပါဝင်နေတာတွေ့ရပါတယ်။ ပထမဆုံး မြင်ကွင်းဖြစ်တဲ့ တစုံတခုကြောင့် လူတွေပြေးလွှားနေကြတဲ့ ဗွီဒီယိုမြင်ကွင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်က reel ဗွီဒီယိုတခုမှာ(မူရင်းလင့်ခ်)တွေ့ရပါတယ်။ တိုင်ဖွန်း Helene အမေရိကန်နိုင်ငံ ဖလော်ရီဒါကို ဝင်ရောက်စဉ်ကဆိုပြီးတော့ အဲဒီအချိန်က မျှဝေခဲ့ပါတယ်။ လူတွေ ပြေးလွှားနေကြတဲ့ ဒီမြင်ကွင်းဟာ အခုလိုပဲ ကမ္ဘာ့နေရာအသီးသီးမှာ ငလျင်၊ မုန်တိုင်း စတဲ့ခေါင်းစဉ်တွေနဲ့ အကြိမ်ကြိမ် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ တစ်တော့ အသုံးပြုသူတဦးထဲကပဲ မြင်ကွင်းတခုထဲကို နေရာအသီးသီး၊ အကြောင်းအရာမျိုးမျိုးနဲ့ ရေးသားဖြန့်ဝေထားတာကို တွေ့မြင်ရတဲ့ ပုံဖြစ်တယ်။
အထပ်မြင့်အဆောက်အဦးတလုံး ပြိုကျခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းဟာ ၁၉၈၈ ခုနှစ် တူရကီငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နေတဲ့ အဆောက်အဦးတလုံးဟာ ၂၀၂၃ ခုနှစ်အတွင်းက ငလျင်ကြောင့် ထပ်မံ ထိခိုက်ခဲ့ပြီးနောက် ဆက်လက်နေထိုင်ရန် မသင့်လျော်တော့တာကြောင့် ဖြိုချခဲ့တဲ့ ဖြစ်စဉ်က ဖြစ်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
တူရကီနိုင်ငံမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့ ဗွီဒီယိုပါမြင်ကွင်းဟာ ဧပြီ ၂၄ ရက် ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အထပ်မြင့်အဆောက်အဦးတလုံးပြိုကျမှုမြင်ကွင်းဟာ ၂၀၂၃ ခုနှစ်အတွင်းက တူရကီနိုင်ငံမှာ ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ အဆောက်အဦးတလုံးကို ဖြိုချခဲ့တဲ့ မြင်ကွင်းတချို့ဖြစ်ပါတယ်။

Title:Fact Check: တူရကီမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်မှု မြင်ကွင်း ဗွီဒီယိုလား-မဟုတ်ပါ
Written By: နေရာမောင်Result: False