Fact Check: UN နဲ့ အာဆီယံက NUG ကိုတရားဝင်အသိအမှတ်ပြုပြီဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကို အစိုးရအဖြစ် အာဆီယံနဲ့ UN ကတရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ဆို ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ပြောကြားချက်ကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု အသုံးပြုပြီးဖြန့်ချိနေခြင်းဖြစ်တယ်။

“UN နှင့် အာဆီယံ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကြေညာ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၅၀၀၀ ရှိပါတယ်။ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ အာဆီယံနှင့် UN က အမိန့် ထုတ်လိုက်တယ်လို့လည်း ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံစာသားမှာရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ပြောတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျင်းပဖို့ပြင်နေတဲ့ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း ချက်သာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီးမျှတတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထား ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ဒီရွေးကောက်ပွဲ ၂ နှစ်ပြည့်အနေနဲ့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ပြောက အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဒီပြောကြားချက်ကို မီဒီယာအများအပြားက ဖော်ပြခဲ့ကြတာတွေ့ရပါတယ်။

ယခုဗွီဒီယိုဖိုင်ပါသတင်းကတော့ “စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာကို အမေရိကန်တိုက်တွန်း”လို့ ခေါင်းစဉ် တပ်လျှက် နိုဝင်ဘာ ၈ ရက်မှာ လူထူနွေဦးသတင်းဌာနက သတင်း ဖော်ပြချက်ကိုဖတ်ကြားနေခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – LudunwayooArchive link  

ဒီဗွီဒီယိုပါအခြားသောသတင်းတွေကတော့ Khit Thit Media မှာဖော်ပြခဲ့တဲ့ “စစ်ကောင်စီလေတပ်က မကြာခဏ  ပျက်ကျလေ့ရှိသည့်  သက်တမ်းကုန် တရုတ် A-5C တိုက်လေယာဉ်များကို ထုတ်သုံးပြီး ဗုံးကျဲ”၊ “ကျိုက်ထိုမြို့ သိမ်ဇရပ်မြို့ ရဲစခန်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ရဲလိုင်းခန်း မီးလောင် ၊ ဘီးလင်း သံတံတားလုံခြုံရေး ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား”၊ လွတ်လပ်တဲ့အာရှအသံသတင်းဌာနရဲ့ “၂ဝ၂ဝ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်”ဆိုတဲ့ ဆောင်းပါးကိုဖတ်ကြားနေခြင်းဖြစ်ပါတယ်။

၁၂ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုကိုဖြန့်ဝေတဲ့ ပို့စ်စာသားနဲ့ ဗွီဒီယိုထဲက စာသားမှာ “UN နှင့် အာဆီယံ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် ကြေညာ”၊ “မအလရဲ့ ရွေးကောက်ပွဲဖျက်ဆီးဖို့ အာဆီယံနဲ့ UN အမိန့်ထုတ် NUG ကို တရားဝင် အသိအမှတ်ပြုပြီ”စသဖြင့်ရေးသားထားပေမဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့က အာဆီယံက NUG ကိုအစိုးရအဖြစ် အသိအမှတ်ပြုတဲ့အကြောင်းမပါဝင်ပါဘူး။ 

သုံးသပ်ချက်

အမှန်တကယ်မှာ NUG ဟာ နိုင်ငံတကာရဲ့ စာနာထောက်ခံမှု၊  အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရရှိ ပေမဲ့ အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မရှိပါဘူး။ ဗွီဒီယိုကို စိတ်ဝင်စားမှု များအောင် သတင်းခေါင်းစဉ်တုအသုံးပြုပြီးတော့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ ၂ နှစ်ပြည့်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ပြောကြားချက်ကို ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: UN နဲ့ အာဆီယံက NUG ကိုတရားဝင်အသိအမှတ်ပြုပြီဆိုတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *