
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်(George Soros)တို့အပေးယူလုပ်ခဲ့တဲ့အချက်အလက်တွေကို ရုရှား အစိုးရဟတ်ကာတွေက ခိုးယူပြီး နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ထံပေးအပ်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးအပြုသူတွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ နိုင်ငံရေးအရတိုက်ခိုက်ဖို့အတွက် လုပ်ကြံရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး ဒီလိုအထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။
ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေ အချက်အလက် ၂၀၀၀ ကျော်ကို ရုရှားဟတ်ကာ တွေက ခိုးယူ(hack)ခဲ့ပြီး ဒီအချက်အလက်တွေထဲမှာ နိုင်ငံတော်ရဲ့ နိုင်ငံရေးမဟာဗျူဟာတွေ၊ နိုင်ငံတွေရဲ့ အားနည်းချက်တွေ၊ ရွှေ့ပြောင်းနေထိုင်တဲ့ကိစ္စတွေ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)ကို အစီရင်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျော့ဆိုးရော့စ်နဲ့ အပေးအယူလုပ်ခဲ့တဲ့အချက်အလက်ပေါင်း ရာချီပါဝင်တယ်လို့ရေးသားထားပြီး အမေရိကန်ကလည်း ဒီလိုခိုးယူခံရတာကို ဝန်ခံတယ်လို့လည်းဆိုပါတယ်။
“Kyaw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၈ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
“အခုတလော လူမှုကွန်ရက်မှာ ဂယက်ထ နေတာကတော့ ဂျော့ခ်ျဆိုးရော့ဇ်ရဲ့ Open Society ဖောင်ဒေးရှင်းက အချက်အလက်ပေါင်း ၂၀၀၀ ကျော် ရုရှား Hacker Group က Hacking လုပ်လိုက်တဲ့ သတင်းပါပဲ ဘာတွေပါသွားသလဲဆိုတော့ ဆိုးရော့ဇ်က FBI ကို Report တင်ထားတဲ့
– ရွှေ့ပြောင်းနေထိုင်တဲ့ကိစ္စတွေ
– သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးမဟာဗျူဟာတွေ
– နိုင်ငံတွေရဲ့ အားနည်းချက်တွေ စတာတွေ ပါဝင်တယ်လို့ဆိုပြီး အမေရိကန်ကလည်း Hacking လုပ်ခံရတယ်ဆိုတာ ဝန်ခံထားပါတယ် …ထူးခြားတဲ့အချက်က Hacking လုပ်ခံလိုက်ရတဲ့ အချက်အလက်ပေါင်း ၂၀၀၀ ကျော်ထဲမှာ ဒေါ်Suကြည်နဲ့ အပေးအယူလုပ်ထားတဲ့ လျှို့ဝှက်ချက်ပေါင်း ရာချီပြီးပါဝင်နေတယ်လို့ သိရပါတယ် .. ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် နေမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှတယ် …တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နစကရဲ့ မီဒီယာတွေမှာတော့ ဒေါ်Suကြည်ရဲ့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ခပ်စိတ်စိတ်ဖော်ပြနေတဲ့အပြင် တရားခွင်မှာလည်း အမှုတွေတစ်ခုပြီး တစ်ခုဖော်ပြပြီး ပြစ်ဒဏ်တွေ တထစ်ချင်း တိုးမြှင့်ချမှတ်လာတာတွေ့ရပါတယ် ဒါကြောင့် Open Society ရဲ့ Hack လုပ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တွေကို ရုရှားက နစကကို လွှဲပြောင်းပေးလိုက်ပြီလားလို့ သံသယဖြစ်ဖွယ်တွေ့ရှိရပါတယ်”

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
ဖြန့်ဝေနေတဲ့ပို့စ်ပါ ပြောဆိုချက်တွေထဲက အချက်အလက်တစ်ချို့ကို ဆန်းစစ်ကြည့်ရအောင်ပါ။
“အခုတလော လူမှုကွန်ရက်မှာ ဂယက်ထ နေတာကတော့ ဂျော့ခ်ျဆိုးရော့ဇ်ရဲ့ Open Society ဖောင်ဒေးရှင်းက အချက်အလက်ပေါင်း ၂၀၀၀ ကျော် ရုရှား Hacker Group က Hacking လုပ်လိုက်တဲ့ သတင်းပါပဲ ဘာတွေပါသွားသလဲဆိုတော့ ဆိုးရော့ဇ်က FBI ကို Report တင်ထားတဲ့ – ရွှေ့ပြောင်းနေထိုင်တဲ့ကိစ္စတွေ – သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးမဟာဗျူဟာတွေ – နိုင်ငံတွေရဲ့ အားနည်းချက်တွေ စတာတွေ ပါဝင်တယ်လို့ဆိုပြီး အမေရိကန်ကလည်း Hacking လုပ်ခံရတယ်ဆိုတာ ဝန်ခံထားပါတယ်” ဆိုတဲ့အချက်အလက်ကို ပထမဆုံး အချက်အလက်ရှာကြည့်ပါ့မယ်။
မြန်မာအပါအဝင် နိုင်ငံအများအပြားမှာ လူသုံးများတဲ့ Google နဲ့ Facebook မှာ အဓိကကျတဲ့စကားလုံးအသုံးပြု ရှာဖွေကြည့်ရာမှာဒီလို Open Society Foundation(OSF) အဟတ်ခံရတဲ့အကြောင်းဟာ လတ်တလော သတင်းတွေမှာ မတွေ့ရပါဘူး။ ၂၀၁၆ ခုနှစ်ထဲမှာတော့ ရုရှားအစိုးရနောက်ကွယ်က ပါဝင်နေတယ်လို့ ယူဆရတဲ့ ဆိုက်ဘာအချက် အလက်ခိုးယူရေးအဖွဲ့ Dcleaks က OSF ရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ အချက်အလက် တွေကိုခိုးယူမှုကိုဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ်တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ The Guardian သတင်းဌာနဖော်ပြခဲ့တဲ့ ဒီဆောင်းပါးမှာ Open Society Foundation(OSF) ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ခရစ်စတိုဖာစတုန်း(Christopher Stone) အဖွဲ့အတွင်းဆက်သွယ်ပေးပို့ချက်တွေကို ဟတ်ကာတွေက တမင်တကာခိုးယူပြီးဖော်ပြခဲ့တယ်ဆိုတဲ့အချက်အလက်တွေဟာ လျို့ဝှက်ချက်တစ်ခုမဟုတ်ကြောင်းနဲ့ ဒီသူတို့အဖွဲ့အစည်းကို သိက္ခာချချင်ရုံသက်သက်သာသာဖြစ်တယ်လို့ ဝေဖန်ရေးသားခဲ့ပါတယ်။ သူတို့အထောက် အပံ့ပေးပုံတွေ၊ ရာသီဉတုဖောက်ပြန်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး လှုပ်ရှားလှုံ့ဆော်မှုတွေမှာ ဒေါ်လာသန်းပေါင်းများ ပုံအောသုံးစွဲမှု၊ ရဲတပ်ဖွဲ့တာဝန်ခံမှုရှိလာစေရေးဆောင်ရွက်ချက်၊ အစ္စရေးမှာပါလက်စတိုင်းတွေ အခွင့်အရေး ရရှိရေး၊ ဉရောပမှာ လူဝင်မှုကြီးကြပ်ရေးအစီအစဉ်အားနည်းချက်တွေပြုပြင်ရေး၊ ယူကရိန်းအစိုးရသစ်ကို ပြုပြင်ပြောင်းလဲမှုအသစ်တွေလုပ်ဖို့အထောက်အပံ့တွေစတဲ့အကြောင်းအရာတွေနဲ့အခြားသော အချက်အလက် ၂၅၀၀ ကျော်ပါဝင်ပြီး ဒီအကြောင်းအရာတွေဟာ လျို့ဝှက်ချက်လည်းမဟုတ်သလို့ လျို့ဝှက်အကောက်ကြံမှုလည်း မဟုတ်ကြောင်း၊ အားလုံးကို အများပြည်သူကို ချပြလို့မရတဲ့ဖြစ်စဉ်မှာ တစ်ချို့အဖွဲ့အစည်းတွင်းက ဆက်သွယ် ပြောကြားချက်တွေကိုအသုံးပြုပြီး အဖွဲ့အစည်းကို သိက္ခာချဖို့လုပ်ရပ်တွေသာဖြစ်တယ်လို့လည်း ဒီဆောင်းပါးမှာ သူက ရေးသားပါတယ်။
ဒါပေမဲ့ အခုလိုခိုးယူခံရတာဟာ အရမ်းကြောက်ဖို့ကောင်းတဲ့ကျူးကျော်မှုဖြစ်ပြီး အရမ်းအန္တရာယ်ကြီးကြောင်းနဲ့ အန္တရာယ်များတဲ့ဒေသတွေမှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် အသက်န္တရာယ်ရှိနိုင်ကြောင်းလည်း OSF အကြီးအကဲ ခရစ်စတိုဖာစတုန်းက ဒီဆောင်းပါးမှာရေးသားပါတယ်။ အဲဒီအချိန်က Open Society အပါအဝင်အမေရိကန်နိုင်ငံရေးသမားတွေ၊အဖွဲ့အစည်းတွေနဲ့ နေတိုး(NATO)အဖွဲ့အကြီးအကဲဟောင်း အမေရိကန်စစ်ဗိုလ်ချုပ် ဖိလစ်ဘရက်လာဗ်(Philip Breedlove)ရဲ့ အီးမေးလ်ကဆက်သွယ်ပြောဆိုချက်တွေကို ခိုးယူးပြီး dcleaks.com ဆိုတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ တင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဒီဝက်ဘ်ဆိုဒ်မရှိတော့ပါဘူး။
အောက်ပါ screenshot ကတော့ အဲဒီဝက်ဘ်ဆိုဒ်မှာတင်ခဲ့တဲ့အကြောင်းအရာကို ၂၀၁၆ ခုနှစ် ဩဂုတ် ၂၃ ရက်က Web Archive တစ်ခုကနေမှတ်တမ်းတင်ထားတဲ့ပုံဖြစ်ပါတယ်။

အဲဒီအချိန်က Open Society Foundation နဲ့ပတ်သက်ပြီး ခိုးယူခံဖော်ပြခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်တို့နဲ့ပတ်သက်တဲ့အထောက်အထားတွေပါမပါကိုတော့ Fact Crescendo Myanmar အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။
“ထူးခြားတဲ့အချက်က Hacking လုပ်ခံလိုက်ရတဲ့ အချက်အလက်ပေါင်း ၂၀၀၀ ကျော်ထဲမှာ ဒေါ်Suကြည်နဲ့ အပေးအယူလုပ်ထားတဲ့ လျှို့ဝှက်ချက်ပေါင်း ရာချီပြီးပါဝင်နေတယ်လို့ သိရပါတယ် .. ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် နေမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှတယ် … တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နစကရဲ့ မီဒီယာတွေမှာတော့ ဒေါ်Suကြည်ရဲ့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ခပ်စိတ်စိတ်ဖော်ပြနေတဲ့အပြင် တရားခွင်မှာလည်း အမှုတွေတစ်ခုပြီး တစ်ခုဖော်ပြပြီး ပြစ်ဒဏ်တွေ တထစ်ချင်း တိုးမြှင့်ချမှတ်လာတာတွေ့ရပါတယ် ဒါကြောင့် Open Society ရဲ့ Hack လုပ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တွေကို ရုရှားက နစကကို လွှဲပြောင်းပေးလိုက်ပြီလားလို့ သံသယဖြစ်ဖွယ်တွေ့ရှိရပါတယ်”ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ ရေးသားချက်နဲ့ပတ်သက်ပြီး ထပ်မံ အချက်အလက်စိစစ် ကြည့်ရအောင်ပါ။
အထက်မှာဖော်ပြခဲ့သလိုပါပဲ Open Society အဖွဲ့အစည်းဟာ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ ရွှေ့ပြောင်းအခြေချ တွေအရေး၊ ဒီမိုကရေစီအရေး၊တရားမျှရေး၊ ရာသီဉတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အကျိုးအမြတ်မ ယူတဲ့အဖွဲ့အစည်းအဖြစ် သူတို့ ဝက်ဘ်ဆိုဒ်မှာဖော်ပြပါတယ်။ ထိုနည်းတူစွာပဲ မြန်မာအရေးနဲ့ပတ်သက်ပြီး ၁၉၉၄ ခုနှစ်ကတည်းက ဒီလိုကဏ္ဏတွေမှာ အထောက်အပံ့တွေပေးအပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ အစိုးရနဲ့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တဲ့နောက်ဆက်တွဲအနေနဲ့ ၂၀၁၇ ခုနှစ်မှာတော့ ပြည်တွင်းမှာ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ မှတ်ပုံတင်ခဲ့တယ်လို့ ရေးသားထားပြီး သူတို့ရဲ့ဆောင်ရွက်ချက်တွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အောက်ပါ screenshot ကတော့ သူတို့ဝက်ဘ်ဆိုဒ်မှာဖော်ပြ ထားတဲ့ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အဆင့်မြင်ပညာရေး၊ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ခွဲခြားမှုဆန့်ကျင်ရေးနှင့်သာတူညီမျှရေး ခေါင်းစဉ်တွေအောက်ကနေသုံးစွဲခဲ့တဲ့ ငွေပမာဏာနဲ့ ခွဲဝေသုံးစွဲမှု ရာခိုင်နှုန်းတွေဖြစ်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်တို့ နယူးယောက်မှာတွေ့ဆုံခဲ့မှုမှတ်တမ်းဓာတ်ပုံဟာလည်း လျို့ဝှက်ချက်မဟုတ်ပါဘူး။ NLD ပါတီအာဏာရအပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာမှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မိန့်ခွန်းပြောစဉ်က ကုလသမဂ္ဂအစည်းအဝေး အပြင်မှာ ဂျော့ဆိုးရော့စ်နဲ့တွေ့ဆုံမှု မှတ်တမ်းသာဖြစ်ပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ Global New Light of Myanmar က တရားမဝင်ငွေလွဲမှုဆိုတဲ့အကြောင်းပြချက်နဲ့ OSF Myanmar ရဲ့ဘဏ်အကောင့်ကို အာဏာသိမ်း အပြီးမကြာခင် ၂၀၂၁ ခုနှစ် မတ်လထဲမှာပဲထိန်းချုပ်လိုက်တဲ့အကြောင်းသတင်းမှာ ဒီဓာတ်ပုံကိုအသုံးပြုခဲ့ပါတယ်။ ဒီသတင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်တို့ တွေ့ဆုံမှုကို ဖော်ပြထားပေမဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်ကနေ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ဂျော့ဆိုးရော့စ်နဲ့ သူ့မိသားစု မြန်မာနိုင်ငံကို လာရောက်လည် ပတ်ခဲ့ပြီး သမ္မတဦးသိန်းစိန်အပါအဝင် သူ့ရဲ့အကြံပေးတွေနဲ့ တွေ့ဆုံမှုအကြောင်းတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

သုံးသပ်ချက်
၂၀၁၆ ခုနှစ်အတွင်းမှာ OSF အဖွဲ့ရဲ့ဆောင်ရွက်ချက် တွေကို ရုရှားဟတ်ကာအဖွဲ့က ဖောက်ထွင်းခိုယူပြီး အဖွဲ့ အတွင်းဆောင်ရွက်ချက်အစီအစဉ်နဲ့ပတ်သက်တဲ့တာတွေကို dcleaks ဆိုတဲ့ဝက်ဘ်ဆိုဒ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။ သို့သော်လည်း သူတို့ရဲ့ ဆောင်ရွက်ချက် တွေဟာ လျို့ဝှက်ချက်တစ်ခုမဟုတ်သလို ကောက်ကျစ်စဉ်းလဲနေတဲ့အစီအစဉ်တွေလည်းမဟုတ်ဘူးလို့ OSF အကြီးအကဲ ခရစ်စတိုဖာစတုန်းက တုန့်ပြန်ခဲ့တာလည်းတွေ့ရပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊ သာတူညီမျှရေးတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းတွေဆောင်ရွက်ရာမှာ နာမည်ကြီး တဲ့ ဟန်ဂေရီ-အမေရိကန်စီးပွားရေးသမား ဂျော့ဆိုးရော့စ်ရဲ့ Open Society Foundation ဟာ ရုရှားအပါအဝင် အာဏာရှင်နိုင်ငံတစ်ချို့ရဲ့ အပုဒ်ချ တိုက်ခိုက်မှုကို ပြီးခဲ့တဲ့ နှစ်များအတွင်းခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းအပြီးမှာလည်း မြန်မာစစ်တပ်ဟာ OSF Myanmar ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးမေးမြန်ခဲ့တာတွေ့ရပါတယ်။

Title:Fact Check: ဂျော့ဆိုးရော့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေးအယူပေါက်ကြားဆိုတဲ့ သတင်းတု
Fact CheckBy: Nayar MaungResult: Explainer