BGF ဗိုလ်မှူးကြီး စောချစ်သူ KNU ဆီလက်နက်ချအလင်းဝင်ပြီး ပူးပေါင်းလိုက်တဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “June 27, 2023 စောချစ်သူ KNU နဲ့ပူးပေါင်းလိုက်ပြီ”လို့ ဗွီဒီယိုခေါင်းစီမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “BGF ခေါင်းဆောင်စောချစ်သူ KNU ထံလက်နက်ချ အလင်းဝင်ပြီ စစ်တပ်ကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ” စသည်ဖြင့်လည်းရေးသားထားပါတယ်။

အလားတူရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

မူရင်းလင်ခ့် – Youtube | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ သတင်းမီဒီယာတွေဆီက သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်တယ်။

“Share Local Media”အမည်နဲ့ ယူကျူ့အကောင့်ကနေဖော်ပြထားတဲ့ ဒီဗွီဒီယိုပါ ပြောဆိုချက်တွေကို လေ့လာကြည့်ရအောင်ပါ။ ဗွီဒီယိုအစမှာပြသထားသလို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(Border Guard Force- BGF)က ဗိုလ်မှူးကြီး ‌စောချစ်သူ လက်နက်ချအလင်းဝင်တဲ့အကြောင်းဖြစ်စေ ကရင်အမျိုးသား အစည်းအရုံး(KNU)နဲ့ ပူး‌ပေါင်းသွားတဲ့အကြောင်းဖြစ်စေ ဗွီဒီယိုထဲမှာ မပါဝင်ပါဘူး။

တကယ်တော့ ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇွန် ၂၇ ရက်ကဖော်ပြခဲ့တဲ့ “ကလလတ-KNPLF ကို နမူနာယူ၍ စစ်တပ်လက်အောက်ခံ BGF စောချစ်သူ ပြည်သူ့ဘက်ကို ခိုလှုံပါ ၊ အမှားလုပ်ရပ်များစွာအတွက် စစ်တပ်ကို ပြန်လည် တော်လှန်တိုက်ခိုက်၍ ပေးဆပ်ပါ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

၁၉၉၄ ခုနှစ်က စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည် သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)ဟာ စစ်ကောင်စီတပ်တွေ ကို မယ်စဲ့မြို့နယ်မှာ အပြင်းအထန် တိုက်ခိုက်လျက်ရှိသလို ၂၀၀၉ ခုနှစ်မှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလဲခဲ့တဲ့ KNPLF တပ်ရင်း ၂ ခုဟာလည်း မူလ KNPLF တပ်ဖွဲ့ အဖြစ် ပြန်လည်ရပ်တည်ကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ စစ်ကောင်စီ ကို တိုက်ခိုက်နေကြောင်းနဲ့ ကရင်ပြည်နယ်မှာလည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းထားတဲ့ ဗိုလ်မှူးချုပ်ဖားနွီးနဲ့ ဗိုလ်မှူးကြီး စောချစ်သူတို့အနေနဲ့လည်း ကရင်နီပြည်နယ်က ကလလတ (KNPLF)လို့ ပြည်သူ့ဘက်သို့ ခိုလှုံပြီး စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ဖို့ အချိန်ကျပြီဖြစ် တယ်လို့ ဒီဆောင်းပါးမှာ တိုက်တွန်းရေးသားထားပါတယ်။ အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ပါ။

မူရင်းလင်ခ့် – Khit Thit Media | Archive link

သုံးသပ်ချက်

ဗွီဒီယိုထဲမှာ ကရင်နီက တော်လှန်ရေးအင်အားစုတွေနဲ့ ပူး‌ပေါင်းလိုက်တဲ့ ကလလတ-KNPLF နဲ့ ကရင်နီ BGF လို ကရင် BGF ခေါင်းဆောင် ၂ ဦးကို တော်လှန်ရေးမှာ ပူး‌ပေါင်းပါဝင်ဖို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုက်တွန်းမှုကို ‌ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ကရင် BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူဟာ KNU ဘက်ကို ပြောင်းလာပြီဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: BGF ဗိုလ်မှူးကြီး စောချစ်သူ လက်နက်ချအလင်းဝင်ပြီး KNU နဲ့ပူးပေါင်းလိုက်တဲ့ သတင်းတု

Written By: နေရာမောင်

Result: False