
တရုတ်ကကန့်ကွက်တာကြောင့် မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနောက်ဆုတ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရပြီ” စသည်ဖြင့်ရေးသားပြီး “A Sone Thi”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို Khit Thit Journal အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
တရုတ်က ကန့်ကွက်လို့ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည် လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေဖြစ် ဝမ်ယိနဲ့ ဝန်ကြီးချုပ် လီခကျန် ဓာတ်ပုံတွေ အသုံးပြုထားတာကလွဲလို့ တရုတ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်းတစ်စုံတစ်ရာမပါဝင်ပါဘူး။ ဗွီဒီယိုတစ်ခုလုံးဟာ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ ကချင်၊ကယားနဲ့ စစ်ကိုင်းမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှု၊ ထိတွေ့ တိုက်ပွဲများအကြောင်းနဲ့ အပစ်ရပ်စဲရေးသဘာတူလက်မှတ်ရေးထိုးထားတဲ့ လက်နက် ကိုင် ၇ ဖွဲ့က မြန်မာစစ်တပ်နဲ့ မတ်လအကုန်မှာ တွေ့ဆုံမယ်အကြောင်းတွေသာပါဝင်ပါတယ်။
စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို တရုတ်က ကန့်ကွက်တယ်ဆိုတဲ့ သတင်းမျိုး ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ ဒီလိုယုံကြည်ရလောက်တဲ့ သတင်းဌာနတွေက သတင်ဖော်ပြချက်မှာ တရုတ်သံအမတ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ ပြဌာန်းမှု၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားမှု၊ အီလက်ထရောနစ်စနစ် နဲ့မဲပေးနိုင်ရေးအခြေအနေတွေနဲ့ အချိုးကျ ကိုယ်စားပြုစနစ်တွေ အကြောင်း စစ်တပ်ခန့် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

မူရင်းလင်ခ့် – RFA Burmese | Archive link
တကယ်တော့ မြန်မာစစ်တပ်ဟာ မဲစာရင်းမှန်ကန်ဖို့အတွက်၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ လူဦးရေစာရင်း ကောက်မယ်လို့ ပြောထားတာကြောင့် ရွေးကောက်ပွဲလုပ်တော့မှာမဟုတ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
သုံးသပ်ချက်
သတင်းခေါင်းစဉ်တုနဲ့ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်း ဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေရာမှာ စိတ်ဝင်စားမှုရရှိဖို့အတွက် ဗွီဒီယိုပါအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ တရုတ်ကန့်ကွက်လို့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ ခေါင်းစဉ်အတုအသုံးပြုပြီး ဖြန့်ချိနေလာခြင်းဖြစ်ပါတယ်။
ပြောဆိုချက်- တရုတ်ကန့်ကွက်လို့ မြန်မာစစ်တပ်က ရွေးကောက်ပွဲ ရွှေ့ဆိုင်း

Title:Fact Check: တရုတ်ကကန့်ကွက်လို့ မြန်မာစစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲ ရွှေ့ဆိုင်းဆိုတဲ့ သတင်းခေါင်းစဉ်တု
Fact Check By: နေရာမောင်Result: False