အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“အမေစု ပြတ်သားပြီ မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းမှု အမေစု ပယ်ချ”

အချက်အလက်စိစစ်ချက်
ဒီလိုအာဏာခွဲဝေဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်း လာတယ် ဆိုတဲ့အကြောင်း အခု သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုမှာလည်း မပါဝင်သလို တခြား ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့အမည်နာမကို တုပထားပြီး သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာနဲ့ လုပ်ကြံပြောဆိုဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက် စိစစ်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစ ရုပ်ကတ်စာသားဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်ရဲ့ အာဏာခွဲဝေမှုကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းဖော်ပြထားတဲ့ အကြောင်းအရာမှာ စစ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောက်ဆုံးဖြစ်တယ်ဆိုတဲ့ အတွေးအမြင်တခုကို ပြန်လည်ဖော်ပြထားတယ်။ အာဏာခွဲဝေမှုအကြောင်း မပါဝင်ပါဘူး။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာတွေကတော့ BNRA ခေါင်းဆောင် ဗိုလ်နဂါး အလင်းဝင်ပူးပေါင်းသွားပြီးနောက်ပိုင်း ပုလဲမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး စစ်ကြောင်း ထိုးလာတဲ့အကြောင်း၊ ငသိုင်းချောင်းလမ်းပိုင်း မြောက်စမ်းကျေးရွာရှိအမှတ် ၃၄ အမြောက်တပ်ရင်း အနီးမှာ အာရက္ခတပ်တော် (AA) နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ အရမ်းပြင်းထန်နေတဲ့အကြောင်းစတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ ဖြစ်စေ အာဏာခွဲဝေယူဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ဖြစ်စေ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက် ဒေါ်အောင်ဆန်းစုကြည် ပယ်ချ
Title:Fact Check: မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက် ဒေါ်အောင်ဆန်းစုကြည် ပယ်ချတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

