Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာ တွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“ဒေါ်အောင်ဆန်းစုကြည် ကို လာခေါ်ပြီ

ဗြိတိန်အစိုးရ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို 

လာကယ်ထုတ်ပြီ ဝမ်းသာလွန်းလို့ မျက်ရည်ဆို့တယ်ဟာ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The  Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဒီဗွီဒီယိုကို လေ့လာမယ်ဆိုရင် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရက လာကယ်ထုတ်သွားပြီလို့ ရေးထားပြီး ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရဲတပ်ဖွဲ့ဝတ်စုံနဲ့ အနောက်တိုင်းအမျိုးသား နှစ်ယောက် အတူလမ်းလျှောက်လာတဲ့ ရုပ်ပုံကိုလည်း ပြသထားပါတယ်။ ဒါပေမဲ့ ဓာတ်ပုံဟာ ဉာဏ်ရည်တု(AI)နည်းပညာပလက်ဖောင်းတခုကို အသုံးပြုပြီး စိတ်ကူးယဉ် ဖန်တီးထားခြင်း ဖြစ်တယ်။

တကယ်တမ်း အသံဖိုင်နဲ့ ဖတ်ကြားနေတဲ့ ဗွီဒီယိုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါး(Yvette Cooper)က ဦးဆောင်နေတယ်လို့ ဗြိတိန်အခြေစိုက် The Independent က ဖော်ပြချက်ကို ဖတ်ကြားနေတယ်။ ဒီသတင်းကို ဘီဘီစီ(မြန်မာပိုင်း)က ဘာသာပြန်‌ဖော်ချက်နဲ့လည်း တွေ့နိုင်တယ်။(ဒီလင့်ခ်မှာကြည့်ပါ)

သုံးသပ်ချက်

 “The  Daily Lens”ဟာ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက သတင်းဌာနတခုကို ပြောကြားချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမယ်ဆိုတဲ့ ပြောဆိုချက်ကို ဗြိတိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကယ်ထုတ်ပြီလို့ ခေါင်းစဉ် သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ဓာတ်ပုံဟာလည်း AI နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာ ဖြစ်တယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

Fact Check By: Zun Zee  

Result: False