သင်္ကြန်အကျနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့ ဗွီဒီယိတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၃၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“သင်္ကြန် အကျနေ့ ရန်ကုန် သွေးလူးနေရပြီ ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ် ဗုံးပေါက်လို့ ဘောမအနုပညာရှင်တွေအပါ (၁၂၀) ခန့် သေဆုံး”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာသင်္ကြန်မဏ္ဍပ်မှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနုပညာရှင်တွေ အပါအဝင် ပြည်သူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ပြီး အနီးနားက အဆောက်အဦးတချို့လည်း ပျက်စီးခဲ့တယ်လို့ ဗွီဒီယိုထဲက အသံဖိုင်နဲ့ဖတ်ကြားမှုမှာဖြစ်စေ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ဖြစ်စေ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ပြောဆိုထားပေမဲ့ ဒီသတင်းအကြောင်းအရာကို အဓိကကျတဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက် မရှိသလို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မရှိပါဘူး။
တကယ်တမ်းမှာ “Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်း မီဒီယာ တချို့က သတင်းတွေကို ရောနှော ဖြန့်ချိတဲ့နေရာတခု ဖြစ်တယ်။ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဒီလိုပဲ အလားတူတဲ့ သင်္ကြန်အတွင်းပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေဖြန့်ချိနေတာ ယူကျူ့မှာ ဝင်ရောက်ကြည့်ရှု့မှုများအောင်လုပ်ပြီး ဝင်ငွေရှာနေတဲ့ သူတွေရဲ့ လုပ်ကြံရေးသားပြောဆိုမှုသာဖြစ်တယ်။ သင်္ကြန်အကြို့နေကလည်း နေပြည်တော်မှာ ဗုံးပေါက်ကွဲမှုကြောင့် အများအပြားသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဒီချန်နယ်တွေက ဖြန့်ချိခဲ့ပါတယ်။ Fact Cresceno Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။
ဧပြီ ၁၆ ရက်က သင်္ကြန်အကျရက်အထိ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ပြသင်္ကြန်ဆင်ယင်ကျင်းပမှုတွေမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပေမဲ့ တဖက်မှာတော့ စစ်တပ်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာဒေသတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ကျေးရွာလိုက် မီးရှို့ စစ်ကြောင်းထိုးမှုတွေ ရှိနေပြီး ထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ)
သုံးသပ်ချက်
ဗွီဒီယိုတွေ ဖြန့်ချိထားတဲ့ ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ တော်လှန်းရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာဒေသမှာ သင်္ကြန်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရန်ကုန်မှာ သင်္ကြန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အများအပြား ထိခိုက်သေဆုံးခဲ့အထောက်အထားမရှိပါဘူး။

