၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်ကထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်လို့ဆိုထားပြီး ပေါက်ကွဲမှုတခုနဲ့အတူ အဆောက်အဦး တလုံးပြီးတလုံးပြိုကျခဲ့တဲ့မြင်ကွင်း၊ မိုးကြိုးလျှပ်စီးကြောင်းနဲ့အတူ လေပြင်းတိုက်နေတဲ့ မြင်ကွင်း၊ ပေါက်ကွဲမှု တခုအပြီး မီးခိုးလုံးတွေထကာ လူတွေ ပြေးလွှာနေကြတဲ့ မြင်ကွင်းတွေပေါင်းစပ်ထားတဲ့ ဗွီဒီယိုတခုကို ဖေ့စ်ဘွတ်မှာ ပျံနှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ တကယ်တော့ မသက်ဆိုင်တဲ့ ဖြစ်စဉ်အသီးသီးက မြင်ကွင်းတွေကို ပေါင်းစပ်ပြီး မျှဝေထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၅ ရက်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇ သိန်းကျော်ရရှိထားပြီး မျှဝေမှုပေါင်း ၆၀၀၀ နီးပါးရှိထားတယ်။ အလားတူတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။

“ပြီးခဲ့သည့်ဧပြီလသုံးရက်နေ့ကထိုင်ဝမ်မှာငလျှင်လှုပ်တာကိုသံဝေဂယူကာအသိတရားတွေရသင့်ကြပေပြီ။ဘယ်နိူင်ငံ၊ဘယ်လူမျိုးတွေဖြစ်ဖြစ်စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပါ။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို လေ့လာကြည့်ရာမှာ ဗွီဒီယိုထဲပါ မြင်ကွင်းတွေဟာ အနည်းဆုံး မတူညီတဲ့ အကြောင်းအရာ တွေကို ပေါင်းစပ်ထားတာတွေ့ရပါတယ်။

ပထမဆုံး ကောင်းကင်ကနေ လေဆင်နှာမောင်းတိုက်နေဟန်ရှိတဲ့ မြင်ကွင်းဟာကို Google မှာ ပုံရှာနည်း အသုံးပြုရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဗွီဒီယိုဟာကို အနည်းဆုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်းမှာကတည်းက အွန်လိုင်းမှာတွေ့နိုင်ပါတယ်။ ထိုင်ဝမ် ငလျင်သမိုင်းမှာ ၂၅ နှစ်အတွင်း အပြင်းအထန်ဆုံး လှုပ်ခတ်မှုအဖြစ် စံချိန်တင်ခဲ့တဲ့ ဧပြီ ၃ ရက်က လှုပ်ခဲ့တဲ့ ရစ်တာစကေး ၇ ဒသမ ၂ ရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး ၉ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၅၀ ကျော် ပျောက်ဆုံးနေခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ထိုင်ဝမ်ငလျင်အဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုပါမြင်ကွင်းဟာ ထိုင်ဝမ် ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိ တာတွေ့ရပါတယ်။

နောက်ထပ် အဓိက ကျတဲ့ စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က Tornado Trackers အမည်နဲ့ ယူကျူ့ချန်နယ်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ၂၀၁၆ ခုနှစ် ၆ ရက်နဲ့ ၇ ရက်က တိုက်ခိုက်ခဲ့တဲ့ မက်သယူးဟာရီကိန်းမုန်တိုင်း(Hurricane Matthew)တိုက်ခိုက်မှုကို မှတ်တမ်းတင် ထားတဲ့ ဗွီဒီယိုရဲ့ ၄ မိနစ်၊ ၂၀ စက္ကန့်မှာ ဒီမြင်ကွင်းနဲ့ အလားသဏ္ဌာန်တူတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့် ပါ။

ထိုင်ဝမ်ငလျင်အဖြစ်ဖော်ပြထားတဲ့ ဗွီဒီယိုမြင်ကွင်း(ဘယ်)နဲ့ ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် က တိုက်ဖွန်းမုန်တိုင်းမြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်တယ်။

နောက်ထပ် ဗွီဒီယိုမြင်ကွင်းဖြစ်တဲ့ ကောင်းကင်မှာ မီးခိုတွေ ပျံ့နှံ့ခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်စဉ်ကတော့ အင်ဒိုနီးရှား နိုင်ငံက ဆက်မရု(Semeru)မီးတောင် ပေါက်ကွဲမှုနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပြီး အင်ဒိုနီးရှား အခြေစိုက် batamnews က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲနဲ့ ဒီဖြစ်စဉ်ကို ဖော်ပြထားတာတစ်တော့ရဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။

ထိုင်ဝမ်ငလျင်အဖြစ်ဖော်ပြထားတဲ့ မြင်ကွင်း(ဘယ်)နဲ့ အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုမြင်ကွင်း ၂ ခုကို အောက်ပါအတိုင်းပဲ ယှဉ်ကြည့်နိုင်တယ်။

နောက်ထပ် ဗွီဒီယိုအစိတ်အပိုင်းဖြစ်တဲ့ အထပ်မြင့်အဆောက်အဦးတွေ အောက်ခြေကနေ ပြိုဆင်းကျသွားတဲ့ ဗွီဒီယိုဟာ တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Liyang Star City စီမံကိန်းက အဆောက်အအုံ ၁၅ လုံးကို ဖြိုချမှု ဗွီဒီယို သာဖြစ်တယ်။ ဒီဗွီဒီယိုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ မြေငလျင်လှုပ်ခတ်တာ ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မြင်ကွင်းဆိုပြီးတော့လည်း သတင်းမှား မျှဝေခဲ့ကြပါသေးတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်မှုကို ဒီလင့်ခ်မှာ ကြည့်ပါ။

ထိုအပြင် အခြားသော အဆောက်အဦး ဖြိုချမှု မြင်ကွင်းတွေဟာလည်း တရုတ်နိုင်ငံက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး ထိုင်ဝမ်ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ဗွီဒီယိုထဲပါ မြင်ကွင်းအများစုဟာ ဧပြီ ၃ ရက် ထိုင်ဝမ်ငလျင်မတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံခဲ့ပြီးဖြစ်တဲ့ မြင်ကွင်းတွေဖြစ်ပြီး ထိုင်ဝမ်ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းအတွင်းက အမေရိကန်နိုင်ငံက ဟာရီကိန်း မုန်တိုင်း၊ အင်ဒိုနီးရှားနိုင်ငံက မီးတောင်ပေါက်ကွဲမှုနဲ့ တရုတ်နိုင်ငံက အဆောက် အဦး ဖြိုချမှု မြင်ကွင်းတွေကို ထိုင်ဝမ်ငလျင်ကမြင်ကွင်းတွေအဖြစ် မှားယွင်း မျှဝေနေခြင်း သာဖြစ် တယ်။

ပြောဆိုချက်- ဧပြီ ၃ ရက်က ထိုင်ဝမ်ငလျင်ကြောင့် အဆောက်အဦးတွေကို ပြိုကျပျက်စီးမှု မြင်ကွင်း ဗွီဒီယို

Avatar

Title:Fact Check: အမေရိကန်တိုက်ဖွန်းမုန်တိုင်း၊အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုနဲ့ တရုတ်က အဆောက်အဦး ဖြိုချမှုတွေကို ထိုင်ဝမ်ငလျင်အဖြစ်မျှဝေနေ

Fact Check By: နေရာမောင်

Result: False