အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ Youtube မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လူတွေ စိတ်ဝင်စားမှုရဖို့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်အမှား ဖြစ်ပါတယ်။

အောက်ပါ screenshot ကတော့ Youtube Channelတစ်ခုကတင်ထားတဲ့ ဗွီဒီယိုရဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ၂၉ ရက်နေ့က အိန္ဒိယက လက်နက်တွေသယ်လာတဲ့ သံချပ်ကာပါ အစီး ၈၀ ပါတဲ့ စစ်ယာဉ်တန်း ကလေး-တမူး အာရှလမ်းပေါ် မိုင်တိုင်(၅၆)မှာသိမ်းပိုက်လိုက်တယ်လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အိန္ဒိယကနေ လက်နက်တွေသယ်လာတဲ့ မြန်မာစစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။

“Ayeyarwaddy Times”က နိုဝင်ဘာ ၂၇ ရက်နေ့က အောက်ပါအတိုင်းရေးသားပါတယ်။ ဒီရေးသားချက်ထဲမှာ သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးမပါပါဘူး။ တိုက်ခိုက်ခံရတဲ့အတွက် စစ်ယာဉ်တန်းဟာ ရပ်တန့်သွားခဲ့သလို အထိအခိုက်များနိုင်တယ်လို့လည်း ဒီသတင်းမှာဖော်ပြပါတယ်။

“အိန္ဒိယနိုင်ငံမှ လက်နက် သယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနိုင်

ဧရာဝတီတိုင်းမ်

(ကလေး)၊ နိုဝင်ဘာ ၂၇ ရက်

အိန္ဒိယနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးထားသော လက်နက်များကို သယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်း ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ၅၆ မိုင်ကျေးရွာနှင့် မြလေးတောင်ကြားတွင် PDF(Kalay)က တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်နက်များသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ထွက်ခွာလာခဲ့ရာ ၅၆ မိုင်ကျေးရွာနှင့် မြလေးတောင်ကြားတွင် PDF(Kalay)- မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ၆ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်များ တင်​ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းများအပါအဝင် ဒရုန်းနှင့် အခြားလက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် လမ်းသားပြတ်ထွက်သွားကာ စစ်ကောင်စီယာဉ် တန်းများ ရှေ့မတိုးနိုင်တော့ပဲ မြလေးတောင်၊ တောင်ခြေတွင် ညအိပ်ခဲ့ကြကြောင်း သိရသည်။

PDF(Kalay)က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြား ထိခိုက်သေဆုံးနိုင်ကြောင်းသိရှ်ိရပြီး ထိခိုက်သေဆုံးမှုများအား အတည်မပြုနိုင်သေးကြောင်း သိရသည်။

ကလေးမြို့နယ်တွင် လက်ရှိစစ်ရေးတင်းမာမှုကြောင့် ပြည်သူလူထုများအနေဖြင့် ကလေး-တမူးလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုရန် PDF(Kalay)က ထပ်မံသတိပေးထုထ်ပြန်ထားသည်။

#အိန္ဒိယ #လက်နက် #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ”

ဒီလိုတိုက်ခိုက်ခဲ့တဲ့သတင်းကို “People's Defence Force – Kalay”က နိုဝင်ဘာ ၂၇ ရက်မှာ “တိုက်ပွဲသတင်း ထုတ်ပြန်ချက်”ဆိုပြီးတော့လည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်မှာလည်း ဒီလက်နက် သယ်ဆောင်လာတဲ့ ယာဉ်တန်းကို သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့ပြောဆိုချက်မတွေ့ရပါဘူး။ လက်နက်သယ်ယာဉ် တန်းကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ထုတ်ပြန်ချက်ဗွီဒီယိုကိုလည်း PDF ဘက်က ထုတ်ပြန်လာတာတွေ့ရပါ တယ်။

နောက်ထပ်သတင်းတွေဟာလည်း သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းတွေကို အသံသွင်းပြီး ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

အိန္ဒိယကနေ မြန်မာစစ်တပ်ရဲ့လက်နက်တွေသယ်လာတဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်ပေမဲ့ ဒီယာဉ်တန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။

Avatar

Title:Fact Check: အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက် ဆိုတဲ့သတင်းမှား

By: နေရာမောင်

Result: Explainer