
ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှားဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ thumbnail ဓာတ်ပုံထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ကျော်ရရှိထားပါတယ်။
“ရန်ကုန်၊ ကြည့်မြင်တိုင်ကို PDF များစီးနင်းကုန်ပြီဗျို့ အာဏာရူးအုပ်စုအသေဆိုးနဲ့သေကုန်ပြီ” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနအမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ ကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်လွဲ၊ခေါင်းစဉ်တုနဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တွေတပ် ဖြန့်ချိလေ့ရှိ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။
ယခုဗွီဒီယိုမှာလည်း တကယ်တမ်းဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်မှာဖော်ပြခဲ့တဲ့ “မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံး၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့ရှိ စစ်တပ် တပ်ရင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်”၊ “ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ”၊ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားရှစ်ဦးထက်မနည်းသေဆုံး”၊ “စစ်တပ် လိုအပ်သည့် လက်နက်နှင့် စစ်သုံးပစ္စည်းများရရှိမှု ရပ်တန့်သွားအောင်ဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများကို အီးယူနှင့် နိုင်ငံခြားရေးဝန်ကြီး ၈ဦး ပူးတွဲတိုက်တွန်း”စတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
မူလ ရန်ကုန် ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ ကြည့်မြင်တိုင်မြို့နယ်မှာ စစ်တပ်တပ်စွဲထားတဲ့ အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုသတင်းကို ကြည့်မြင်တိုင်ကို PDF တွေက ဝင်စီးသယောင် လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီး

Title:Fact Check: ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှား
Written By: နေရာမောင်Result: False