ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဝင်သိမ်းခဲ့ရာမှာ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှားဖြစ်တယ်။ အလားတူရေးသား မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Burma Television”ယူကျူ့ချန်နယ်နဲ့ “News-for-today” ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ “ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ” ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ ရွှေပန်းကုံးရဲစခန်းဟာ နယ်မြေရဲစခန်းအဆင့် အင်အား ၂၀ ခန့်ရှိတဲ့ စခန်း ငယ်ဖြစ်ပြီး ၆ ယောက်သေဆုံးပြီးနောက် ကျန်တဲ့သူတွေဟာ ရဲစခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့လည်း ဧရာဝတီသတင်းက ဖော်ပြပါတယ်။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ ဝက်လက်မြို့နယ် ရွှေပန်းကုံးနယ်မြေရဲစခန်းကို PDF တွေ တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိတဲ့ သတင်းကို ချဲ့ကား ရေးသားပြီး ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ သေဆုံးပြီး ၂၀ ဖမ်းမိတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိ

Avatar

Title:Fact Check: ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှား

Written By: နေရာမောင်

Result: Misleading