
ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေး စွက်ဖက်တဲ့အတွက် ဖေ့စ်ဘွတ်(Facebook)ကို ဆန္ဒပြရှုတ်ချတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ မဲရုံမှူးဆရာ ဆရာမ ကိစ္စ၊ UEC ကိစ္စ၊ အကြည်တော်ကိစ္စတွေအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြနေ ကြပြီးလို့ ရေးသားမျှဝေထားတာဖြစ်ပြီး အမျိုးသားအချို့က “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”လို့ စာတန်းနဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ဓာတ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။
တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။
သို့သော်လည်း“မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”ဆိုတဲ့ ဆိုင်းဘုတ် ဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲတွေမှာ ဆန္ဒပြသူတွေ ကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်တွေ ထဲကတစ်ခု ဖြစ်ပြီး ရွေးကောက်ပွဲအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထား မျိုးမတွေ့ရပါဘူး။
“ပထမမဲရုံမူးဆရာ ဆရာမ
ဒုတိယ UEC
တတိယ အကြည်တော်
ဟောခု Facebook.ကိုပြောပြန်ပီ
နောက်ဆုံးNLD ကိုမဲထည့်ခဲ့တဲ့တို့ပြည်သူတေကိုဆန့်ကျင်ပွဲလုပ်တော့မယ် ရောဂါကတစ်ဖြည်းဖြည်းရင့်လာပီဗျို့😁😁”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ မှာကျင်းပပြီးစီးခဲ့သည့်တိုင်အောင် အတိုက်အခံဘက်က ရွေးကောက်ပွဲရလဒ်ကို မကျေနပ်မှုကြောင့် ဆက်တိုက်ကန့်ကွက်မှုတွေ ဆောင်ရွက်နေတာတွေ့ရပါတယ်။ ပျံ့နှံလျက်ရှိတဲ့ ပို့စ်မှာရေးသားထားသလိုပဲ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲရုံမှူးဆရာဆရာမ တွေက ဘက်လိုက်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲခဲ့တာတွေ့ရပါတယ်။ ပြန်လည်တောင်းပန်ဖို့ ဆရာဆရာများအဖွဲ့ချုပ်ကတောင်းဆိုခဲ့တဲ့ သတင်းကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။ ဒုတိယတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်အား အရေးယူဖို့ USDP ဒုတိယ ဉက္ကဌဦးခင်ရီတောင်း ဆိုတဲ့သတင်းကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သို့သော်လည်း တတိယတစ်ခုဖြစ်တဲ့ အကြည်တော်ကိစ္စဟာ သတင်းတုသတင်းမှားဖြန့်ဝေခဲ့ခြင်းသာဖြစ်ပါတယ်။ USDP ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတရားစွဲမယ်ဆိုတဲ့ကိစ္စဟာ မှန်ကန်မှုမရှိပါဘူး။ Fact Crescendo Myanmar က အချက်အလက် စိစစ်ထားတာ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
ဖေ့စ်ဘွတ်ကို ဆန္ဒပြတယ်ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး Google မှာ အဓိကျတဲ့စကားလုံးအချို့ အသုံးပြု ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့စ်ဘွတ်က ပိတ်ပင်အပြီး မှာပြုလုပ်တဲ့ တပ်မတော်ထောက်ခံပွဲတွေမှာ ဆန္ဒပြသူတွေ ကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်တစ်ခုဖြစ်တာ တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ စက်တင်ဘာ ၁၄ ရက်က ပြန်ကြားရေးဝန်ကြီးဌာနပိုင် MOI Webportal Myanmar မှာ ဒီသတင်းကို အောက်ပါအတိုင်း ဖော်ပြထားတာတွေ့ရပါတယ်။
“မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မနောရမ္မံ လူထုဟစ်တိုင်ကွင်း၌ ယနေ့ နံနက်ပိုင်းက တပ်မတော်အား ပြင်ပမှ စွက်ဖက်လုပ်ဆောင်နေမှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည် ။
ဆန္ဒပြပွဲတွင် ချမ်းအေးသာစံ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ အငြိမ်း စားများနှင့် အရန်အဖွဲ့ဝင်များ ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်အပေါ် ကျရောက်နေသည့် နိုင်ငံတကာ ဖိအားများကြောင့် ဆန္ဒပြ ခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီ ရင်ခံစာတို့ လုံးဝလက်မခံ စသည်ဖြင့် ရေးသားထားသော ဗွီနိုင်းများကို ကိုင် ဆောင်ကာ ဆန္ဒပြသခဲ့ကြကြောင်း သိရှိ ရသည်။”လို့ MOI Webportal Myanmar မှာ ရေးသားမျှဝေထားပါတယ်။
မူရင်းလင်ခ့် – MOI Webportal Myanmar | Archive link
ထို့အပြင် ရွေးကောက်ပွဲအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြတယ်ဆိုတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အချက်အလက်မျိုးမတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”ဆိုတဲ့ ဆိုင်းဘုတ်ဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲ တစ်ခုမှာ ဆန္ဒပြသူတွေ ဆိုင်း ဘုတ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

Title:၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲက Facebook ကို ရှုတ်ချတဲ့ ဆန္ဒပြဆိုင်းဘုတ်ကို လက်ရှိအဖြစ်အပျက်သဖွယ် မျှဝေနေ
Fact Check By: Nayar MaungResult: Misleading